(အီ) သရ လွန်ကျွံမှုပြဿနာ
===================
ရခိုင်စာပီ၏ အဓိကပြဿနာမှာ "သတ်ပုံဖျက်ဝါဒ" ပြီးလျှင် ဒုတိယအရေးတကြီးဖြီယှင်းရမည့်ပြဿနာမှာ "ဤသရ လွန်ကျွံမှု" ပြဿနာဖြစ်သည်။
(သတ်ပုံဖျက်သည်) (သတ်ပုံမှားသည်) မှာ အဓိပ္ပါယ်မတူပါ။ (သတ်ပုံမှားသည်) မှာ စာရွီးသူတိုင်း ကြုံတွိရသောပြဿနာဖြစ်သည်။ စာရိုက်အမှားကြောင့်သော်လည်းကောင်း၊ သတိမထားမိ၍သော်လည်းကောင်း ရိုက်ပြီးသား ရွီးပြီးသားစာကို ပြန်စီးစစ်ဖို့အချိန်မရဘဲ လောလောလတ်လတ်ပို့တင်ပီးလိုက်ရခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။
သို့သော် သတ်ပုံဖျက်ပြဿနာမှာ ရည်ရွယ်ချက်ဟိဟိ ဖျက်ဆီးထားခြင်းဖြစ်သည်။ ပြုပျင်ရ အလွန်ခက်ခဲပါသည်။ အချိန်က သမိုင်းကရာ အမှားအမှန်ကို အဆုံးအဖြတ်ပီးနိုင်သည့် ပြဿနာမျိုးဖြစ်သည်။
ရခိုင်စာပီ၏ (မာ)(ဧ့) ပြဿနာသည် သတ်ပုံဖျက်ပြဿနာထဲတွင် အကျုံးဝင်ပြီး (သဝီခြား) (အတွီးအခေါ်) (လိလာ) (ဝီဖန်) (ဓလိ) (သီချာ)(အဖြီ) (Answer) ဤပြသနာမှာ (အီ) သရ လွန်ကျွံမှုပြဿနာများဖြစ်သည်။ (ရွီး) လား (ရီး) လားပြဿနာမှာ (သတ်ပုံဖျက်) (အီသရလွန်ကျွံမှု) နှစ်ခုစလုံးနှင့် မသက်ဆိုင်ပါ။ (သုတေသန) အမှားပြဿနာဟု နာမည်ပီးသင့်ပါသည်။ (ရီး) ဆိုသည်မှာ (အပ်ရီးချ) (ထွန်ရီးချ) က ဆင်းသက်လာသည်ဟု သုတေသီတဦးက ကောက်ချက်ပြုထားသည်ကို တွိမြင်ဖူးပါသည်။ (အပ်ရီးချ) (ထွန်ရီးချ) မှာပါသော (ရီး) သည် စာ(ရွီး) သည်ကို ဆိုလိုခြင်းမဟုတ်ပါ။ မြန်မာအရွီးအသား (အပ်ရေးချ) (ထွန်ရေးချ) ကို ရခိုင်မှုပြုပြီး (အပ်ရီးချ) (ထွန်ရီးချ) ဟု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မြန်မာ (အပ်ရေးချ) (ထွန်ရေးချ) မှာပါသော (ရေး) သည် တူသယောင်ဟိသော်လည်း မြန်မာ စာ(ရေး) သည်ကို ဆိုလိုခြင်းမဟုတ်ပါ။ (ခြင်း) ဟူသော (Noun) ဝိဘတ်အား ဆိုလိုခြင်းဖြစ်ပါသည်။
(စားဝတ်နီရီး) ဆိုသည်မှာ (စားခြင်း) (ဝတ်ခြင်း) (နီခြင်း) ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဤနီရာ၌ (ရီး) သည် (ခြင်း) ကို ဆိုလိုခြင်းဖြစ်သည်။ (စာရွီးသည်) (Write) ကို ဆိုလိုခြင်းမဟုတ်ပါ။ ထိုနည်းလည်းကောင်း (အပ်ရေးချ) (ထွန်ရေးချ) မှာပါသော (ရေး) သည် (စာရွီးသည်) ကို ဆိုလိုခြင်းမဟုတ်ပါ။ (Noun) ဝိဘတ် (ခြင်း) အား ဆိုလိုရင်းဖြစ်ပါသည်။ (အပ်ခြင်းချသည်) (ထွန်ခြင်းချသည်) ဟု ဆိုလိုရင်းဖြစ်သည်။ (ရေး) (ရေး) တူနီသဖြင့် (ရေး) (ခြင်း) ကို (ရေး) (Write) ဟု လွဲမှားစွာ ယူဆထားခြင်းဖြစ်သည်။ (ဆက်ရန်)
သို့သော် ကျောင်းသုံးစာအုပ်တွင် (Write) အတွက် (ရီး) ကို ပါယ်၍ (ရွီး) လက်ခံသည်ဖြစ်၍ ဝမ်းမြောက်စွာ ကြိုဆိုအပ်သည်။ တလောက (AA) ၏ Statement တခုတွင် (Write) အတွက် (ရီး) ဟု ဆရာမောင်ဗသိန်းသတ်ပုံကို သုံးထားသည်ကို တွိရသဖြင့် စိတ်မကောင်းဖြစ်မိသည်။
ဤဆောင်းပါ၏အဓိက ရည်ရွယ်ချက်မှာ (အီ) သရ လွန်ကျွံမှုပြဿနာဖြစ်၍ ဆောင်းပါးကို ဆက်လားပါမည်။ ရခိုင်စာပီပညာသျှင်ကြီးများတိလည်း အားလုံး (သဝီခြား) ဖြစ်နီကတ်လို့ ပြုပျင်နိုင်အောင်လို့ အေဆောင်းပါးကို ရွီးသားရခြင်းဖြစ်ပါသည်။ (ဗွီဒီယို) အထောက်အထား မိမိလက်ထဲတွင် ရဟိထားပြီးဖြစ်၍လည်းဖြစ်ပါသည်။ ယင်း ဗွီဒီယိုကို Youtube တွင် ပို့တင်ပီးထားသည်မှာ နှစ်ပေါင်း (၁၀) ကျော်လားပါယာ။ မည်သည်သူ တဦးတယောက်ကလည်း ဂရုမပြုမိသဖြင့် ဆောင်းပါးရွီးပြီး တင်ပြရခြင်းဖြစ်ပါသည်။ ဆောင်းပါးပြီးခါနီးတွင် ဆောင်းပါးနှင့်အတူ ဗွီဒီယိုကိုပါ တပါတည်း ပို့တင်ပီးဖို့ ရည်ရွယ်ထားပါသည်။ (ဆက်ရန်)
ရခိုင်စာပီ၌ ထင်ထင်ရှားရှားဟိသော (အေ) သရ သတ်ပုံများမှာ (အရွေ့သာခြင်း) (ကျေးဇူး) (လေးဂဏ္ဍန်း) (ကြက်တေကျင်) (ကျေးပင်ကြီး) (ကွေ့ပတ်) (ဘေးကိုယေပါးလို့) (ရေ) (တေ) (လေ) (အေ) (ချေ) (ကေ) (အလွမ်းပြေ) (အဝေယာ)(ခေသူမဟုတ်) (ပုယေ) (ရိုသေ)(အရေးကြီး) (ဝေဖန်) (လေ့လာ) (ဓလေ့) (သေချာ) (အဖြေ) (မိတ်ဆွေ) (ကြက်သရေ) အစဟိသည် ဝေါဟာရအသုံးများဖြစ်သည်။ (အရွေ့သာခြင်း) ကို ကျောင်းသုံးစာအုပ်က လက်ခံထားသည်ကို ဝမ်းမြောက်စွာ ကြိုဆိုအပ်သည်။ ဆရာတော် ဦးစက္ကိန္တဖော်ထုတ်ပြုစုခသော မြန်မာကျောင်းသုံးစာအုပ်ပါ (မောင်တော်တမ်း အလွမ်းပြေ) ကဗျာသည် (အီ) သရ လွန်ကျွံမူပြဿနာကို ဖြီယှင်းရန် ကိုးကားအပ်သော ကဗျာတပုဒ်ဖြစ်ပြီး အလွန်တန်ဖိုးဟိသော ကဗျာကောင်းတပုဒ်ဖြစ်သည်။ (ကျွဲကျောင်းသား) ကဗျာမူရင်းကို ရဟိပြီးဖြစ်သော်လည်း (မောင်တော်တမ်း) ကဗျာမူရင်းကို မရဟိနိုင်သိမ့်။ မူရင်းရပြီးခါမှ ဆောင်းပါးရွီးဖို့ဆိုကေလည်း ကောင်းကောင်း မိုးလင်းလားနိုင်သည်။ (ဆက်ရန်)
(လေ့လာ) ကို ဓညဝတီနိဂုဏ်းရွာများသမိုင်းသာခြင်း၌ အပိုဒ် (၂၄) နှင့် (၃၀) တွင် တွိရသည်။
အပိုဒ် (၂၄) ထိုမှဤမှာ၊ အဖြာဖြာကို၊ ((( လေ့လာပြီးသော်)))၊ မြတ်ကုန်းပေါ်က၊ ပျော်ပျော်ပါးပါး၊ (((ရိုသေစွာဖြင့်)))၊ ဆင်းလာငြား၍၊ စည်ကားသာယာ၊ လွန်တင့်တယ်၍၊ ပျော်ဖွယ်ကောင်းကေ၊ ဇီးချောင်းရွာသို့၊ လှည့်လာတုံမြောက်၊ ညချမ်းခါတွင်၊ ပြန်ကာရောက်လို့၊ တန့်ထောက်ပြီးခါ၊ ရီချိုးပါ၍၊ အိမ်မှာတက်ငြား၊ လသာသာနှင့်၊ ညစာစားလို့၊ ဆီးဝါးသောက်လျှက်၊ လပရောင်နှင့်၊ တောင်တန်းဗျင်းကို၊ ထွက်လျှက်တဖန်၊ သပေါက်ဖျာကို၊ ယူကာခင်းကေ၊ လီညင်းခံရေ။
အပိုဒ် (၂၄) တွင် (ရိုသေ) အသုံးကိုလည်း မြင်တွိရလိမ့်မည်ဖြစ်ပါသည်။ ဓါတ်ပုံကိုလည်း ရှုပါ။
အပိုဒ် (၃၀) ရှိပဝေတွင်၊ ဌာနေရဌာ၊ လွန်ကြီးကျယ်၍၊ အလယ်တိုက်ကေ၊ မဇ္ဈိမာတွင်၊ နာလန္တဟု၊ တက္ကသီလာ၊ ကျောင်းတော်သာဝယ်၊ ပညာရင်နို့၊ နှစ်များစွာပင်၊ ခါမချို့ဘဲ၊ သောက်စို့တတ်ပွန်၊ ပြည်တော်ပြန်ကေ၊ ရွှီဉာဏ်ကြီးဘိ၊ တုမဟိကေ၊ ကဝိမြဝါ၊ မင်းဆရာလျှင်၊ နောင်လာငယ်ကြီး၊ မှတ်စီချင်၍၊ စီရင်ရွီးသည်၊ ကျော်ဟီးနာမ၊ တုမမျှကေ၊ သုတရတနာ၊ ကျမ်းပီစာတွင်၊ ညွှန်းကာဖော်ပြ၊ တက္ကဗေဒ၊ ထိုနောက်မှလျှင်၊ သတ္တဗေဒ၊ ဘောဂဇီဝါ၊ အဖြာဖြာကို၊ (((လေ့လာပြီးထွေ)))၊ မျိုးရခိုင်ရို့၊ စဉ်မပြတ်လျှင်၊ သင်ကတ်ပေ၍၊ ကျင်လည်ပြီးမှ၊ သေနင်္ဂနှင့်၊ သကတစတ္တ၊ ပဒုမ္မနှင့်၊ လေးဝဗျူဟာ၊ စစ်ပညာကေ၊ ဒိုင်းကာအတတ်၊ သိုင်းအတတ်နှင့်၊ ဒါးခွတ်လှံထိုး၊ အမျိုးမျိုးလျှင်၊ စက်ကြိုးယန္တရား၊ စဉ်အလာဖြင့်၊ ပညာရပ်ကေ၊ အတတ်များနှင့်၊ တခြားပြည်ရွာ၊ လူများစွာ၏၊ ဘာသာစကား၊ အက္ခရာနှင့်၊ ပညာများပါ၊ သင်ကြားအပ်တေ။
အပိုဒ် (၂၄) သည် Type မူဖြစ်ပြီး မူရင်း (Type) မူတွင် ပါဟိသော (လေ့လာ) အသုံးကို ဓါတ်ပုံဖြင့် ကိုးကားဖော်ပြထားသည်။ အပိုဒ် (၃၀) သည် ဆရာတော်ပညာစာရက ကျောက်တော် သိန်းတန်ရွာ ဘုန်းတော်ကြီးကျောင်းမှ Type မူကို လက်ရွီးဖြင့် ကူးယူလာသောမူဖြစ်သည်။ (ကျောက်တော်မြို့နယ် သိန်းတန်ရွာဆရာတော်ထံမှ လက်နှိပ်စက်မူကို၊ ကျောက်တော်မြို့သစ်ကျောင်းထက်တွင် ၁၃၅၀ ခု၊ နတ္တော်လဆန်း (၁၁) ရက်၊ (19/12/1988) တလင်္ဂုနီနိ၊ ညည့် (၈) ချက်တီး (၃၅) မိနိတွင် ထပ်မံရွီးကူးလို့ ပြီးသည်။) ဟု ပါဟိသည်။ လည်းကောင်း (တတိယ) ပိုင်းကို အိန္ဒိယ နယူးဒေလီ၌ ဗျာဒိတ်ပန်း အမှတ် (၁) တွင် ဖော်ပြပုံနှိပ်ခပြီးဖြစ်သဖြင့် လက်ရွီးမူကို ချန်ထားခသည်။ ယင်းအချိန်၌ ကျောင်းသုံးစာအုပ်လည်း မပြုစုရသိမ့်သဖြင့် (လေ့လာ) လား (လိလာ) လား ပြဿနာလည်း ထွက်ပေါ်မလာသိမ့်သောကြောင့်လည်းဖြစ်သည်။ ဆရာတော်ပညာစာရအား ဖုန်းဆက်မီးကြည့်ပါသော်လည်း ဆရာတော်ထောင်ကလွတ်လာပြီးနောက်ပိုင်း စာရွက်စာတမ်းများအားလုံးနီးပါးဖျက်ဆီးခံလိုက်ရဖြင့် ပြန်လို့ ရှာတွိနိုင်ဖို့မလွယ်ဟု ပြောပါသည်။ သို့သော် ဆရာတော်က အရေးကြီးစာမူများကို တခြားစာပီလေ့လာလိုက်စားသူများအားလည်း မူပွားပီးလေ့ဟိသဖြင့် ကျန်လူတိလက်ထဲ၌လည်း ၎င်းလက်ရွီးမူဟိနိုင်ပါသည်။ သို့သော် အပိုဒ် (၂၄) ပါ Type မူသည် ထင်ရှားသဖြင့် (လေ့လာ) ကို အတည်ယူ၍ရသည်။ ထို့ကြောင့် ကျောင်းသုံးပါ မှားယွင်းနီသော (လိလာ) ကို ပြုပျင်အပ်သည်။ (ဆက်ရန်)
(ဓလေ့) ဆိုသည်မှာလည်း (အလေ့အကျင့်) (အလေ့အထ)(အလေ့အလာ) က ဆင်းသက်လာသောဝေါဟာရဖြစ်သဖြင့် (လေ့လာ) ဟု ပြုပျင်လျှင် (ဓလေ့) ဟူ၍လည်း အလိုအလျှောက် ပြုပျင်ပြီးသား ဖြစ်လားပါလိမ့်မည်။ (ဆက်ရန်)
အပိုဒ် (၂၇) တွင်လည်း
နောက်ဝယ်တခြား၊ မြတ်ဘုရားကို၊ ဖူးငြားသောခါ၊ အပါယ်မှာလျှင်၊ ရောက်ပါမည်လား၊ မီးကာဆိုကေ၊ ထိုစကားကို၊ ဖြေကြားဦးမည်၊ (((လွဲမချော်အောင်)))၊ (((တွေးခေါ်ငြားလို့)))၊ ထောင်နားတည်ပါ၊ ဘုန်းကြွယ်ဗုဒ္ဓ၊ အတုလကို၊ (((ဦးချရိုသေ)))၊ ဖူးမျှော် (((ပေ))) သော်၊ (((အပါယ်))) ဂတိ၊ မလားရန်ကို၊ အကျွန်သိရေ၊ နှိုင်းညှိကျမ်းဂန်၊ တရားညွှန်၍၊ သင်ရန်မဟိ၊ စဉ်စားကြံ၍၊ ဝေဖန်နှိုင်းသော်၊ လူတိုင်းသိမည်၊ သို့ဖြစ်ပါလည်း၊ ဇာအခြင်းနှင့်၊ ငြင်းလတ်တေဟု၊ ဆိုပေသောခါ၊ ဤခေတ်မှာလူ၊ များစွာထောင်သောင်း၊ ကြီးငယ်ဟူကေ၊ လူအပေါင်းလျှင်၊ ထုံးဟောင်းကိုလွန်၊ လမ်းမမှန်ကေ၊ ကျမ်းညွှန်မသိ၊ ကိုယ့်ရိုးရာနှင့်၊ မျိုးဇာတိကို၊ သတိမချပ်၊ ကိုးကွယ်ရာလေ၊ ဘာသာရပ်တွင်၊ မအပ်မရာ၊ တုအယောင်ဖြင့်၊ လုပ်ဆောင်မှုကို၊ ပြုကတ်ပါ၍၊
(((လွဲမချော်အောင်)))၊ (((တွေးခေါ်ငြားလို့))) (လွဲချော်) နှင့် (တွေးခေါ်) ကို ကာရန်နဘေထပ်ယူထားသဖြင့် (တွေးခေါ်) ဆိုသည်မှာ အလွန်တရာ သိသာထင်ရှားပါသည်။ (တွီးခေါ်) ဆိုသည်မှာ ခေတ်ပေါ်ရခိုင်ကဗျာဆရာများက ကဗျာစပ်သောအခါ (အီး) ကာရန်ရှာကြံမရ၍ ကာရန်မိရန် အဓမ္မဖန်တီးရာက ပေါ်ပေါက်လာသော သတ်ပုံပျက်စကားလုံးဖြစ်သည်။ (တွီး) ဆိုသည်မှာ ရခိုင်ဘာသာစကားတွင် (အလွန်နီရဲသော) ဟု အဓိပ္ပါယ်ရသည်။ ကွမ်းရည်ကဲ့သို့ (တွီး) နီသည်။ ကြက်သွီးရောင်ကဲ့သို့ (တွီး) နီသည်။ အလွန် နီရဲသည်ဟု အဓိပ္ပါယ်ရပါသည်။ ကာရန်မိချင်လို့ သတ်ပုံကို မဖျက်ဆီးသင့် ယှောင်ကြည်အပ်သည်။ (ဆက်ရန်)
ထပ်မံ၍ အပိုဒ် (၂၇) တွင်
(((ဦးချရိုသေ)))၊ ဖူးမျှော် (((ပေ))) သော်၊ (((အပါယ်))) ဂတိ၊ ဟူ၍ (သေ)(ပေ)(ပါယ်) ကို ကာရန်ယူထားသဖြင့် (ရိုသေ) အသုံးသည် အလွန်သိသာထင်ရှားသည်။ ရခိုင်စကားတွင် (အပိုးသီ)(အသားသီ) စသည်ဖြင့် အသုံးများလည်းဟိသဖြင့် (ရိုသီ) ဟု သုံးလျှင်လည်း မှားမည်မထင်။ သို့သော် (ရိုသေ) အသုံးသည် သက်သီအထောက်အထား အခိုင်အလုံဟိသဖြင့် မပစ်ပါယ်အပ်။ (ဆက်ရန်)
အပိုဒ် (၂၇) တွင်ပင် "စဉ်စားကြံ၍၊ (((ဝေဖန်))) နှိုင်းသော်၊ လူတိုင်းသိမည်" ဟူ၍ (ဝေဖန်) အသုံးကို လေ့လာတွိသိရမည်ဖြစ်သည်။ ရခိုင်ကဗျာဆရာပေါက်စချေတိသုံးနီကတ်တေ (ဝီဖန်) ဆိုသည်မှာ (ဟာသ) ဖြစ်ပါသည်။ (ဆက်ရန်)
(ဝေဖန်) အသုံးကို ဓညဝတီသာခြင်း၌ (၃) ကြိမ်တိတိ တွိရပါသည်။
အပိုဒ် (၂၅)
ဆူဝေသောင်းသောင်း၊ ကြီးငယ်ဟူကေ၊ လူအပေါင်းနှင့်၊ ကျိုးကြောင်းစပ်ပြန်၊ မှားအမှန်ကို၊ (((ဝေဖန်))) စစ်ကြော၊ ပြောင်းအပြန်ပင်၊ ကြံနှီးနှောလို့၊ မပြောချင်ဘိ၊ မြောက်ဦးပြည်က၊ မောင်တေမိကို၊ ကနိညခါ၊ တသက်တာတွင်၊ မှတ်ရာတပါး၊ ရှိသူမွန်ရို့၊ ညွှန်စကားကို၊ ပြောကြားလိုက်မည်၊ ရွှီရုပ်ယောင်သို့၊ မောင်တပါးမှာ၊ ထောင်နားတည်ပါ၊
အပိုဒ် (၂၇) နောက်ဝယ်တခြား၊ မြတ်ဘုရားကို၊ ဖူးငြားသောခါ၊ အပါယ်မှာလျှင်၊ ရောက်ပါမည်လား၊ မီးကာဆိုကေ၊ ထိုစကားကို၊ (((ဖြေ))) ကြားဦးမည်၊ လွဲမချော်အောင်၊ တွေးခေါ်ငြားလို့၊ ထောင်နားတည်ပါ၊ ဘုန်းကြွယ်ဗုဒ္ဓ၊ အတုလကို၊ ဦးချရိုသေ၊ ဖူးမျှော်ပေသော်၊ အပါယ်ဂတိ၊ မလားရန်ကို၊ အကျွန်သိရေ၊ နှိုင်းညှိကျမ်းဂန်၊ တရားညွှန်၍၊ သင်ရန်မဟိ၊ စဉ်စားကြံ၍၊ (((ဝေဖန်))) နှိုင်းသော်၊ လူတိုင်းသိမည်၊ သို့ဖြစ်ပါလည်း၊ ဇာအခြင်းနှင့်၊ ငြင်းလတ်တေဟု၊ ဆိုပေသောခါ၊ ဤခေတ်မှာလူ၊ များစွာထောင်သောင်း၊ ကြီးငယ်ဟူကေ၊ လူအပေါင်းလျှင်၊ ထုံးဟောင်းကိုလွန်၊ လမ်းမမှန်ကေ၊ ကျမ်းညွှန်မသိ၊ ကိုယ့်ရိုးရာနှင့်၊ မျိုးဇာတိကို၊ သတိမချပ်၊ ကိုးကွယ်ရာလေ၊ ဘာသာရပ်တွင်၊ မအပ်မရာ၊ တုအယောင်ဖြင့်၊ လုပ်ဆောင်မှုကို၊ ပြုကတ်ပါ၍၊
အပိုဒ် (၃၁)
ရှိဝယ်ပြောကြား၊ အစဉ်အားဖြင့်၊ စကားအလာ၊ လူအများမှာ၊ စီးပွားရှာသော်၊ ကံသာအမိ၊ များအလိုဖြင့်၊ အဆိုဟိလည်း၊ အသိတဝ၊ ကျွန့်အလိုကို၊ ပြောဆိုရမူ၊ ဝိရိယဉာဏ်၊ အရင်းခံ၍၊ လုပ်ကြံပြီးမှ၊ ဓနဟုံနှင့်၊ ပြည့်စုံကြသော်၊ စောင့်ထရှိကံ၊ ဖယ်မလွဲကေ၊ တည်မြဲပြန်ဟု၊ အကျွနု်ပ်က၊ အတန်တန်လျှင်၊ (((ဝေဖန်))) နှောကေ၊ သဘောရလို့၊ လူ့ဘသခင်၊ သိင်္ဂါလဟု၊ နာမတွင်ကေ၊ အထင်အရှား၊ ပျိုနုနယ်နှင့်၊ ရွယ်ကြီးမားကေ၊ သူဌီးသားကို၊ လေးပါးစုံစွာ၊ သမ္ပဒါဟု၊ ဓမ္မာချိုမော၊ အာလုတ်တော်မှာ၊ ထုတ်ဖော်ဟောလို့၊ သဘောဓိပ္ပါယ်၊ အသိလွယ်အောင်၊ အကျယ်ဖော်ပြ၊ ရှိဦးစွာကေ၊ ဥဌာနဟု၊ လုလ္လကြီးလွန်၊ အားထုတ်ရန်နှင့်၊ တဖန်နောက်မှ၊ သမ္ပဒါကေ၊ အာရက္ခဟု၊ ရသမျှသာ၊ များဥစ္စာကို၊ လုံစွာသိမ်းသွင်း၊ ကွဲပျက်ပြို၍၊ မယိုယွင်းအောင်၊ စောင့်ခြင်းတဝ၊ ထိုနောက်မှလျှင်၊ ကလျာဏမိတ္တာ၊ သမ္ပဒါဟု၊ ပညာဟိငြား၊ ကျင့်တည်ကြည်ကေ၊ မိတ်ဆွေများကို၊ ထံပါးနီးလှ၊ အကြောင်းတော်အောင်၊ ပေါင်းဖော်ရ၏။
(ဝေဖန်) အသုံးကို သုံးကြိမ်တိတိ တွိရပါသည်။ ဓါတ်ပုံအထောက်အထားကိုလည်း ပူးတွဲဖော်ပြပီးထားပါသည်။
သို့ဖြစ်ပါ၍ (အတွေးအခေါ်) လား (အတွီးအခေါ်လား)၊ (ဝေဖန်လား) လား (ဝီဖန်) လား၊ (လေ့လာ) လား (လိလာ) လား၊ (ဓလေ့) လား (ဓလိ) လား ကျောင်းသုံးစာအုပ်ပြုစုသူများ စဉ်းစားဆင်ခြင်အပ်သည်။ (ဆက်ရန်)
အပိုဒ် (၂၇) မှာပင်လျှင် " နောက်ဝယ်တခြား၊ မြတ်ဘုရားကို၊ ဖူးငြားသောခါ၊ အပါယ်မှာလျှင်၊ ရောက်ပါမည်လား၊ (((မီး))) ကာဆိုကေ၊ ထိုစကားကို၊ (((ဖြေ))) ကြားဦးမည်၊" ဟူ၍ ရှိကပါသော (မီး) (Ask) ကိုထောက်၍ (ဖြေ) ဟူသော အသုံးမှာ (Answer) ဟူသည်ကို အလွန်သိသာထင်ရှားပါသည်။ ထို့ကြောင့် (အမီး)(အဖြေ) မှသာ မှန်ကန်ပါလိမ့်မည်။ (အမီး)(Ask, Question) (Answer) (အဖြီ) ဆိုသည်မှာ (အီ) သရ လွန်ကျွံမှုဖြစ်သည်။
သို့သော် ပန်းဝှက်တမ်းကဇတ်ရာ၌ (အမီး) (အဖြီ) ဟု သုံးလျှင် သုံးနိုင်ပါသည်။ ဤနီရာ၌ (အဖြီ) ဆိုသည်မှာ (ဖြေကြား) (Answer) သည်ဟု အဓိပ္ပါယ်မယူဘဲ (ဖြီယှင်း) (Solve) ဟူ၍ အဓိပ္ပါယ်ယူအပ်သည်။
ယှုတ်ထွီးသော အမီးပြဿနာကို ဖြီယှင်းသည့် သဘောဖြစ်သည်။
ထို့ကြောင့် ပြဿနာကို ဖြီယှင်းသည့်အခါ (Solve) အဓိပ္ပါယ်ပေါ်လွင်စီရန် (ဖြီယှင်း) သည်ဟု ရွီးသားအပ်၍ (အမီး) (Question)၊ (Answer) တွင် (အဖြေ) (ဖြေကြားသည်) ဟူ၍ ရွီးသားသင့်ကြောင့် တင်ပြအပ်ပါသည်။
(သေချာ) လား (သီချာ) လား ပြဿနာနှင့်ပါတ်သက်၍ ဓညဝတီသာခြင်းတွင် (သေချာ) ဟူ၍ (၅) ကြိမ်တိတိ တွိရပါသည်။
အပိုဒ် (၇) ခေါ်လတ်မယေသူငါ၊ ပန်းတိုင်ရွာက၊ တခါနှစ်ထပ်၊ တာငါးရာလျှင်၊ ပြန်ကာထောက်ကေ၊ မြောက်အရပ်သို့၊ တည့်မတ်ဖြောင့်စွာ၊ မောင်သက်နှံမှာ၊ တဖန်လှည့်လို့၊ ကြည့်သောခါတွင်၊ ညိုပြာမှိုင်းမှိုင်း၊ တဆိုင်းဆိုင်းနှင့်၊ ရှုတိုင်းသာယာ၊ ရခိုင်ပြည်မှာ၊ နာမည်ကောင်းကေ၊ ညောင်ချောင်းရွာကို၊ (((သေချာ))) ကျန၊ မောင်ပန်းတံမှာ၊ မှန်မုချလျှင်၊ မြင်ရလိမ့်မည်၊ ရောက်ဖူးယောင်လေ၊ မောင်သက်ထားမှာ၊ လားလို့လည်ပါ၊
အပိုဒ် (၁၀) ဤသို့မယေဖြာဖြာ၊ မြို့ဓညာကို၊ ရံကာပတ်ရုံး၊ လွန်သာယာကေ၊ ရွာအားလုံးကို၊ သိမ်းကျုံးပြီးခါ၊ မေပြောဆိုကေ၊ ထိုစကားကို၊ မှတ်သားပါဟု၊ သံသာချိုမြ၊ သိန်းကျော့ဝေမှာ၊ ဆိုပေကလျှင်၊ လှပဝင်းပြောင်၊ ပန်းဖြူအောင်မှာ၊ ဇောင်လည်းတခါ၊ ပျိုပန်းတံကေ၊ လှစံသီးကို၊ မိန့်လတ်ရာကား၊ မဟာမုနိ၊ ရုပ်ပွားသျှင်ကို၊ အယင်ရှိက၊ သွန်းဘိခြင်းရာ၊ သမိုင်းလာကို၊ (((သေချာ))) ကျန၊ လှမေခေါင်မှာ၊ ပျိုမောင်ရို့ကို၊ ပြောလို့ပြပါ၊ ဆိုသောခါတွင်၊ ရယ်ကာပြုံးပြုံး၊ သိန်းကျော့ဝေလေ၊ စပါယ်ကုံးမှာ၊ နန်းသုံးပီစာ၊ သမိုင်းလာနှင့်၊ နှိုင်းကာတသွယ်၊ မောင်လူပျိုကို၊ သံချိုနှောလို့၊ ပြောလတ်တေကား၊
အပိုဒ် (၁၂) မဟာကနက်၊ ဆန်းအမော်နှင့်၊ နန်းတော်ထက်သို့၊ ရွှီစက်ဖြန့်ကာ၊ တက်ကြွပါ၍၊ ကောင်းစွာခင်းအပ်၊ တင့်လျှောက်ပတ်ကေ၊ နီရာမြတ်၌၊ လူနတ်သရဖူ၊ ထိုင်တော်မူသော်၊ ကြည်ဖြူလေးမြတ်၊ မင်းဘုန်းမော်က၊ ဆွမ်းတော်ကပ်လို့၊ သင့်မြတ်တော်ယောင်၊ ဆွမ်းများမြောင်ကို၊ သုံးဆောင်ပြီးမှ၊ ရွှီနန်းသူလေ၊ ဟူသမျှအား၊ ဓမ္မကထာ၊ ဒေသနာကို၊ (((သေချာ))) ကောင်းမြတ်၊ မောဓနာဖြင့်၊ ဟောကာချွတ်သော်၊ သုံးရပ်သရဏာ၊ တည်ကြပါ၍၊ ငါးဖြာသီလ၊ နန်းတွင်းသူလေ၊ ဟူသမျှမှာ၊ နိစ္စမြဲထွေ၊ ခါမကျန်ကေ၊ လွန်မယိမ်းအောင်၊ စောင့်ထိန်းရေလေး။
အပိုဒ် (၁၅) ဤလေလေကေ၊ ဤလေကျော်ရွှန်း၊ ဤသို့စီကေ၊ ဤနှစ်ခန်းတွင်၊ ပြညွှန်း (((သေချာ)))၊ နိဂုဏ်းရွာ၌၊ ဓညာရဌ၊ ရွှီနန်းယံမှာ၊ စိုးစံကြကေ၊ ရာဇဖြာဖြာ၊ ပေါင်းများစွာနှင့်၊ မဟာမုနိ၊ ခြောက်ရောင်ပေါ်ကေ၊ ကိုယ်တော်မြတ်၏၊ ထုပ္ပတ္တိကို၊ စိစိစပ်စပ်၊ နောင်အစဉ်လေ၊ ရခိုင်သားရို့၊ သိထားကတ်အောင်၊ လေးရပ်တိုင်းခွင်၊ ဂါမဝင်နှင့်၊ ရာဇဝင်ခန်း၊ မြဒိုးဝေ၏၊ ရွီးသည်ကျမ်းကို၊ မှီငြမ်းပြုကာ၊ ဤကဗျာကို၊ ပြည်ရွာညွန့်ဖူး၊ နန်းဘုံဆောင်ဖြင့်၊ ပြောင်ပြောင်တောက်ကေ၊ မြို့မြောက်ဦး၌၊ ပျော်မြူးစဘွယ်၊ ကျောက်ရစ်ကေဟု၊ အမည်သာယာ၊ ရပ်မဟာတွင်၊ ပညာပြည့်ဝ၊ ဟာသဉာဏ်နှင့်၊ မောင်စံလှဟု၊ နာမသညာ၊ ငါဆရာလျှင်၊ ကဗျာစီတန်း၊ သာခြင်းသံကို၊ ကာရံဆန်းနှင့်၊ နှစ်ခန်းမြောက်စွာ၊ ကုံးပြီးပါ၍၊ ဖတ်နာသူများ၊ ဆီးလိပ်ချိုနှင့်၊ ကွမ်းကိုစား၍၊ တန့်နားကြပေ၊ မြို့ဝေသာ၏၊ ကြောင်းရာထုံးကို၊ (ပြောဦးမည်လေး)။
အပိုဒ် (၁၇) တလီထိုမှ၊ ရောင်းအဝယ်ကို၊ တွင်ကျယ်လှအောင်၊ မောင်းကရာဇူ၊ တောင်းသစ်ဟူ၍၊ ညီတူပြုငြား၊ ရွှီပြည်သူရို့၊ သုံးတုံငြားကေ၊ သွန်းထား(((သေချာ)))၊ လွန်ကြည်လင်၍၊ ငွေစင်ပြားကေ၊ ဒင်္ဂါးမှာလျှင်၊ မဟာစန္ဒရား၊ မြတ်ဘုန်းမိုကေ၊ ထိုမင်းများ၏၊ မွီးဖွားတုံပြန်၊ စနီနံကို၊ အမှန်ခပ်နှိပ်၊ ကြံစုံပြန်ကေ၊ နွားတံဆိပ်နှင့်၊ ရောင်ဖိတ်ဝင်းဖြာ၊ တဖက်မှာတွင်၊ ရာဇာဆောင်းထိုက်၊ နာရဏီလေ၊ သိင်္ဂီစစ်ကေ၊ မကိုဋ်ပုံစံ၊ နောက်တဖန်ကား၊ ကြာလွန်ရှိက၊ မြို့ဓညာမှာ၊ တေဇာပကေ၊ သူရိယရာဇာ၊ ဆက်နွယ်လာဟု၊ ဖော်ကာညွှန်ပြ၊ စုံအညီကေ၊ နီနှင့်လကို၊ ပီသကောင်းမွန်၊ မကိုဋ်တော်၏၊ အပေါ်ထိပ်မှာ၊ ခပ်နှိပ်ပြန်၍၊
တချို့ကလည်း (ကျိန်းသီ) က (သီ) ကိုယူ၍ (သီချာ) ဟူ၍ ရွီးကတ်သည်။ သို့သော် ရခိုင်စကားတွင် (သီ) ဟူသောစကားသည် (Die) (Death) ဟူ၍ အဓိပ္ပါယ်ဟိသဖြင့် (သီချာ) သည် ဖတ်ရမဖြောင့် (သေချာ) က ပိုသင့်တော်သည်ဟု ယူဆသည်။
အပိုဒ် (၁၅) သည် မပြည့်စုံဟု ယူဆရပါသည်။ Type မူသည် ဆရာကြီးမောင်ဗသိန်း၏လက်ထဲတွင်ဟိသည်။ အကျွန်ုပ်ရထားသည့် (Scan) ကော်ပီမှာ မှင်ကောင်းကောင်းမပေါ်ပါ။ ဘေးနား၊ အထက်နား၊ အောက်နားများတွင်လည်း စာကြောင်းများပြတ်တောက်နီသည်။ ထို့ကြောင့် ပြည်ထဲဟိ ရခိုင်စာပီသုတေသီများ အထီအထ ပညာဟိယောင်ယောင် ဘောရိပြ၍ မနီကတ်ဘဲ မပြည့်စုံသည်များကို ထပ်မံ၍ ဖြည့်စွက်သုတေသနပြုသင့်ပါသည်။
(သဝေခြား) လား (သဝီခြား) လား ပြဿနာတွင်လည်း (ဗွီဒီယို) မှာ ရှည်သဖြင့် (သဝေခြား) အပိုဒ်ကို ပိုင်းဖြတ်ပြီးသောအခါ ယခု ဆောင်းပါး၏အောက်တွင် ပို့တင်၍ ဖော်ပြပီးလားပါမည်။ အသေအချာနားထောင်ကြည့်သင့်သည်။ မပိုင်းဖြတ်ရသိမ့်သော (ဗွီဒီယို) အပြည့်အစုံကို အောက်ပါ (Link) တွင် လားရောက်၍ လေ့လာနိုင်ပါသည်။
https://youtu.be/GZdgtpDLzus
(မိတ်ဆွေ) လား (မိတ်ဆွီ) လား ပြဿနာတွင် နှစ်ခုစလုံးကို သုံးနိုင်သည်ဟု ယူဆပါသည်။ အကိုးအကား အထောက်များကို စုဆောင်း၍ နောက်ပိုင်းတွင် ဖော်ပြပီးလားပါမည်။
(ရွှီ) လား (ရွှေ) လား ပြဿနာတွင်လည်း နှစ်ခုစလုံကို သုံးနိုင်သည်ဟု ယူဆသည်။
(တော်လှန်ရီး) လား (တော်လှန်ရေး) လား ပြဿနာတွင်လည်း နှစ်ခုစလုံး သုံးနိုင်သည်ဟု ယူဆသည်။ု
နောက်ဆက်တွဲ ကျန်ဟိနီသိမ့်သော ရခိုင်အရွီးအသားပြဿနာများကိုလည်း အတတ်နိုင်ဆုံးကြိုးစား၍ ဉာဏ်မှီသလောက် လက်လှမ်းမှီသော အထာက်အထားများဖြင့် တင်ပြပီးလားရန်လည်း ဆန္ဒဟိပါသည်။
ရခိုင်ပေါင်းကူး သာလှဦး
March 14, 2021 (Saturday) (စနီနိ) မိုးထ (AM 12:11) (မိနိ) တွင် အကြမ်းရွီးသားပြီးစီးသည်။
No comments:
Post a Comment