Thursday, April 2, 2009
မြောက်ဦးနန်းတော်ကုန်း
မြောက်ဦးနန်းတော်ကုန်း
-----------------------
မြောက်ဦးမြို့တော် နန်းတော်ကုန်းကို မင်းစောမွန်တည်ဆောက်ခသည်မှာကား မူလနဂိုရ်အားဖြင့် ကုက္ကားတောင်နှင့် တောင်ညိုတောင်နှစ်ခုကို တူးဖြိုညှိလျှက်တည်ခသော ကျောက်ဆောင်ကျောက်သားမြီခံမြီများဖြစ်သည်။ နန်းတော်ကုန်းပတ်လည် စတုရန်းပုံသဏ္ဍာန်ကို ကျောက်အုတ်များဖြင့်တံတိုင်းပြုကာ အမာခံလျှက် ကေဇာသက္ကရာဇ် (၇၉၂) ခု တော်သလင်းလဆန်း (၁) ရက်တလဂုင်္နီနိ၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ်တွင် မြောက်ဦးခေတ်ထီးနန်းကို စတင်တည်ထောင်သည်။
ပထမဆုံးမြောက်ဦးခေတ်ထီးနန်းတော်ကို မင်းစောမွန်မင်းများလက်ထက် အုတ်တံတိုင်းများဖြင့်သာ အောက်ခြီချလျှက် တည်ဆောက်ခခြင်းဖြစ်သည်။ မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်လက်ထက်ရောက်သောအခါ၌ကား ကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီးသော် ခိုင်ခံ့ကြီးကျယ်စွာတည်ဆောက်သည်။
သို့ဖြစ်ပါ၍ ရခိုင်မဟာရာဇဝင်တော်ကြီးလင်္ကာတွင် (စောမွန်ပျင်ပြု၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး) ဟုလည်းကောင်း။ (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လှာပြုလစ်၊ သက္ကရာဇ်ကား၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း) ဟူ၍လည်းကောင်း တွိရသည်။
နန်းတော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံးအမြင့်မှ အောက်ဆုံးအဆင့်ထိပေပေါင်း (၅၀) မြင့်သည်။ တတိယအဆင့်၏ တောင်မှမြောက်သို့ ပေပေါင်း (၁၆၀၆) ပေဟိသည်။ အရှိမှအနောက်သို့ ပေပေါင်း (၁၇၄၀) ပေ ဟိသည်။ တံတိုင်းများအောက်ခြီတွင် ကျောက်သား (၇) ပေထုထည်ဟိသည်။ တံတိုင်းများ၏အထက်ပိုင်းထုထည်မှာ (၄) ပေဖြစ်သည်။ ပထမနှင့် ဒုတိယတံတိုင်းအကွာအဝီးမှာ ပေပေါင်း (၂၃၇) ပေ ရှည်သည်။ အပေါ်ဆုံးအထက် နန်းရင်ပြင်၏အကျယ်အဝန်းမှာ (၆၅၆) ပေကျယ်ဝန်းသည်။ အရှိဘက်အဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၂၃၃) ပေဟိသည်။ ၎င်းမှ တတိယအဆင့်တန်းခါးသို့ (၁၆၆) ပေဟိသည်။
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်သို့ အလျားပေပေါင်း (၆၇၉) ပေ ကျယ်သည်။ တောင်ဘက် တတိယအဆင့်တန်းခါးမှ ဒုတိယအဆင့်တန်းခါးသို့ ပေပေါင်း (၁၃၈) ပေဟိသည်။ ၎င်းမှ ပထမအဆင့်တန်းခါးသို့ ပေပေါင်း (၄၅၀) ကွာဝီးသည်။ တန်းခါးများ၏ဝင်ပေါက်မှာ (၁၀) ပေစီကျယ်ဝန်းသည်။ တံခါးတဘက်တချက်စီ၏ တန်းခါးဘောင်များမှာ
(ဂ) ပေစီ ရှိသို့ထိုးထွက်လျှက် တည်ဟိသည်။ တံတိုင်းများထုထည်အထူမှာ (၇) ပေ (၆) လက်မစီဟိပြီး (၁၂) ပေစီ မြင့်သည်။ တန်းခါးများ၏အတွင်းဘက်နံရံများ၌ မြီကြီးသည် တပေခန့်အကွာ ကျောက်တုံးကြီးများနှင့် (၈) ပေအမြင့်ဟိသော ကျောက်တုံးကြီးတွင် (၅)လက်မဟိသော အပေါက်တပေါက်စီကို ထွင်းလုပ်ပြုပျင်တပ်ဆင်ထားသည်။
ထိုတန်းခါးပေါက်များကို ပိတ်ဖွင့်နိုင်ရန်အတွက် အရှင်တန်းခါးတပ်ဆင်ထားခြင်းဖြစ်သည်။ နန်းတော်၏အနောက်ဘက် ဒုတိယနှင့် တတိယတံတိုင်းအကြားတွင် ကျုံးများဟိသည်။ အရှိတောင်ဘက်တွင် ဗဟိုရ်စည်တော်ထားဟိသော စည်တော်ကိုအချိန်မှန်ယွန်းသော(ယွန်းထောင်) ခေါ် (ရွန်းတောင်) တည်ဟိသည်။ တောင်ဘက်တွင် (ဝယိုင်သာ) ခေါ် (ဥယျာဉ်တော်) ဟိသည်။
နန်းတော်၏အရှိဘက် ဒုတိယအဆင့်တွင် နန်းတွင်းသူနန်းတွင်းသားများသောက်သုံးကုန်သော သောက်ရီကန် (နန်းသားကန်) တည်ဟိသည်။ ယခုအခါ ထိုကန်ကို (နံသာကန်) ဟုခေါ်ဆိုသည်။ ယခုနန်းတော်ကုန်း၏အရှိဘက်ဆင်းလမ်း (နန်းကျောက်လှီကား) နှင့် အနောက်ဘက် နန်းကုန်းအဆင်းလှီကားရို့မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ (မြောက်ဦးနန်းတော်ကုန်းအားဖောက်ပြီးသော် ရှိနောက်တောက်လျှောက်ပိုင်းပြီး လမ်းလုပ်ရန်စီစဉ်ခသည်။ တမြို့လုံးကကန့်ကွက်ဆန္ဒပြသဖြင့် လမ်းမဖောက်လုပ်ဘဲရပ်တန့်ကာ ယခင်မင်းဆင်းလမ်းလှီကားကိုပတ်၍ အရှိအနောက်တဖြောင့်တည်း ကျောက်လှီကား (၂) ခုကို တပ်ဆင်ထားခခြင်းဖြစ်သည်။
ရခိုင်မင်းများလက်ထက် နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှီကား အစစ်အမှန်နီရာများသည်ကား အနောက်ဘက်၌ ယခုပါတီယူနစ်ယုံးဟောင်းအရှိဘက် ကျောက်လှေကားဆင်းလမ်းတခု၊ ၎င်းနှင့် အရှိဘက်သို့တဖြောင့်တည်း နန်းသားကန်တော်ဘက်သို့ဆင်းလမ်း ကျောက်လှီကားတခုဖြစ်သည်။
ရှိမင်းများသည် ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နှာမှ ဆင်းတက်နိုင်စီရန်အတွက် အရပ်လေးမျက်နှာတွင် ကျောက်လှီကားတန်းခါးပေါက် (၄) ခုကို တွိမြင်ကတ်ရမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ရခိုင်မြို့တည် ဗိသုကာကျမ်း၌ဖော်ပြထားသည်မှာ-
(ခုနစ်ရာကိုးဆယ်၊ စွန်းဝယ်နှစ်ဖော်၊ လတော်သလင်း၊ လျှံဝင်းထွန်းညီး၊ ထွက်ပြီးနီတက်၊ ဆန်းတရက်၌၊ မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊ တောင်ညိုကုက္ကား၊ နှစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊ မြီကြန်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထမြို့နန်း၊ ကန်စန်းကန်လဂ်၊ တထောင်ဘက်ကို၊ မပျက်ထိုရော်၊ ဆက်တက်သော်ကား၊ အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏) ဟူ၍ပင်လျှင် ပါဟိသည်။ ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ဝိုင်းကာရံလျှက် ထိုတံတိုင်းများအကြားတွင်လည်း ကျုံးတော်များထားဟိသည်။
မြို့တံတိုင်းများအထက်ဝယ်လည်း မြင်းစီးသူရဲဗိုလ်ပါများစီးနင်းလားလာလှုပ်လျှားနိုင်အောင် စီမံပြုလုပ်ထားသည်။ မြို့ကျောက်တန်းခါးများကိုလည်း ခိုင်လုံစွာဖြင့် ခမ်းနားကြီးကျယ်စွာ တည်ဆောက်စီမံထားခသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်ထိုအခါက အိမ်ခြီပေါင်းများစွာနှင့် ကြက်ပျံမကျစည်ကားခသည်။ သို့ဖြစ်ပါ၍ ခရစ်အေဒီ (၁၅) ရာစုမှ (၁၆) ရာစုထိကာလအတွင်း အလွန်ချမ်းသာကြွယ်ဝသော ကမ္ဘာ့အဆင့်မှီ သမိုင်းတွင်ထင်ရှားသော (The City Of MraukK Oo) မြို့ကြီးတမြို့ဖြစ်ပေတော့သည်။
ဓညဝတီဦးအောင်ဇေယျ
(သမိုင်းသုတေသီ)
အငြိမ်းစားကျောင်းဆရာကြီး
မြောက်ဦးမြို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment