Thursday, April 2, 2009

သျှင်မြ၀ါ


သျှင်မြ၀ါ
---------------------
မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာဘုရင်ကြီးသည် မင်းဆရာဖြစ်သော သျှင်မြဝါအား ရည်မှန်းလျှက်ထိုဆရာမြတ်၏အရိုးကို မြီအောက်ဌာပနာထားတော်မူလျှက် တောင်ထွဋ္ဋ်တခုပေါ်၌ ကြီးစွာသော စေတီကြီးတဆူကို တည်ထားတော်မူသည်။ ထိုဆရာကြီးဦးမြဝါ၏ကျန်ရစ်သောပစ္စည်းများနှင့် ရွှေငွေရတနာများကို ဌာပနာထည့်ကာတည်ထားခသဖြင့် ထိုတောင်ကို ကနိထိတိုင် မြဝါတောင်ဟုလည်းကောင်း၊ မြဝါစေတီဟုလည်းကောင်းခေါ်တွင်သည်။

ဆရာကြီးသျှင်မြဝါမှာ ရသေ့ယောဂီတဦးဖြစ်သည်။ ရခိုင်ရာဇဝင်သမိုင်းတွင် ထင်ရှားသော မင်းမျိုးမင်းနွယ်မှ ပုဂ္ဂိုလ်တဦးဖြစ်သည်။ မဇ္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌လည်းကောင်း၊ မိဂတာဝုန်တောဟိ ဆရာဗိဿနိုးထံတွင်လည်းကောင်း၊ နှစ်ပေါင်း(၂၀) တိုင်အောင်လောကီပညာရပ်များကို တတ်မြောက်ပြီးသော် မိမိရခိုင်ပြည်ကြီးသို့ပြန်လာကာ မြောက်ဦးမြို့၏မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန္တာ ဓားကျမ်း) ကြီးကို ပြုစုရွီးသားခသော ပုဂ္ဂိုလ်ထူးတဦးဖြစ်သည်။

သျှင်မြဝါ၏ဖခင်မှာ စိုင်းတင်မြို့စား (မဟာနန္ဒသင်္ကြန်) ဖြစ်သည်။ မယ်တော်မှာ (ဆင်ကဲကြီး ဦးအောင်ထင်နှင့် စောသန္တာ) ရို့၏သမီးတော် (ဇေယျခေမာ) ပင်ဖြစ်သည်။ သျှင်မြ၀ါ၏မွီးဖွားသက္ကရာဇ်မှာ (၈၅၄) ခု၊ ဝါခေါင်လပြည့် ကြသားပတီးနိ၊ မိုးထက် အချိန် (၄) ဗဟိုရ်တွင် ဖွားမြင်တော်မူသည်။ ငယ်စဉ်အခါက (မောင်မြဝါ) ဟုခေါ်တွင်သည်။ မယ်တော်ကြီး ဇေယျခေမာ၏အစ်မတော် (စေနန္ဒီ) နှင့် (မင်းရာဇာ) ရို့မှ သက္ကရာဇ် (၈၅၄) ခုနှစ် ဝါခေါင်လပြည့်ကျော် (၃) ရက် စနီနိတွင် (မင်းဗာဘုရင်) ကိုဖွားမြင်တော်မူသည်။ ထို့ကြောင့် (သျှင်မြဝါ) နှင့် (မင်းဗာ) ဘုရင်မှာ ညီအစ်ကိုတော်စပ်သည်။

မဟာပညာကျော်အမတ်၏ငယ်နာမည်မှာကား (မြတ်သာထွန်း) ဖြစ်သည်။ ၎င်းကို သက္ကရာဇ် (၈၅၀) ခုနှစ်တွင် ဖွားမြင်သည်။ သို့ကြောင့် သျှင်မြဝါ၊ မင်းဗာကြီး၊ မဟာပညာကျော်ရို့မှာ ငယ်သူငယ်ချင်းများဖြစ်သည်။ ထိုသုံးဦးစလုံးသည် ငယ်စဉ်အခါက မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် (အဂ္ဂစိန္တေယျ) ဆရာတော်ထံတွင် ပညာသင်ကြားပြီးနောက် အသက် (၁၆) နှစ်လွန်သောအခါ မဇ္ဈိမဒေသသို့လားရောက်ပြီး (ဗာရာဏသီ) မြို့တွင် ပညာအတူသင်ကြားသည်။ မင်းဗာကြီးနှင့် မဟာပညာကျော်ရို့မှာကား ပညာသင်ကြားကြပြီးနောက် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်လာလတ်ကတ်သည်။

သျှင်မြဝါမှာမူကား မပြန်နိုင်သိမ့်ဘဲ ဗာရာဏသီမြို့တော်မှတဆင့် မိဂတာဝုန်တောဟိ သီရိဗိဿနိုးရသေ့ကြီးထံတွင် ရသေ့ဘဝအဖြစ်ဝင်ရောက်ကာ ထက်မံလျှက် ပညာသင်ကြားနီလီသည်။ သျှင်မြဝါမှာ အင်းအိုင်မန္တာန်နှင့် အမျိုးမျိုးသော လောကီပညာရပ်များကိုတတ်မြောက်ကာ ရသေ့အဝတ်ဖြင့် ရခိုင်ပြည်မြောက်ဦးမြို့တော်သို့ ပြန်ရောက်လာသည်။

မြို့တော်သို့ပြန်ရောက်ပြီးသည်နောက် တနိသောအခါ နန်းတော်ညီလာခံသို့ဝင်လီပြီးသော် မင်းဗာဘုရင်အား လက်ကိုင်တုတ်တော်ဖြင့်ချိန်ရွယ်လျှက် (သင်မင်းကြီး ယောက်ျားလော၊ မိမ္မလော၊ ငါကားအမှန် မိမ္မမြင်သည်) ဟုသုံးကြိမ်ဆိုကာ နန်းတော်မှ ထွက်ခွာလားသည်။ ဘုရင်မင်းမြတ်သည်လည်း အရှက်ရ၍ အမတ်အပေါင်းနှင့်တိုင်ပင်လတ်သော် မဟာပညာကျော်အမတ်ကြီးက လျှောက်ထားသည်မှာ သျှင်မြဝါ၏ဆိုလိုရင်းစကားအကြောင်းရင်းကား ယောက်ျားပီပီ ဘီးလောင်းတော်များလက်ထက်က သူရတန်မင်းအား ပီးအပ်ခရသည့် ဘင်္ဂလားနယ်ကို ပြည်လည်တိုက်ခိုက်သိမ်းယူထိုက်ကြောင်း မဟာပညာကျော်အမတ်ကြီးက လျှောက်တင်လီသော် မင်းကြီးလည်းအားရတော်မူ၍ မဟာပညာကျော်အား စစ်အင်္ဂါရပ်များကိုစီမံစီကာ ကုန်းတပ်ရီတပ်ခိုင်စွာဖွဲ့လျှက် မြောက်ဦးမြို့တော်ကြီးကိုလည်း တံတိုင်း၊ကျုံးမြောင်းခိုင်စွာတည်ဆောက်ပြီးစီးစီပြီးသော် ရီတပ်ဗိုလ်ချုပ်အဖြစ် သားတော်မင်းဖလောင်းအား ခန့်အပ်လျှက် မယုံခြုံစား ဝိမလပညာဟိအား ကြည်းတပ်နှင့်တကွ စစ်ချီထွက်ဦးစီးတော်မူသည်။

ထိုအခါ သျှင်မြဝါလည်းဝမ်းမြောက်စွာဖြင့် သေနင်္ဂဗျူဟာခင်းစီကာ စီမံပီးလီသဖြင့် လူတဦးတယောက်မျှမသီကုန်ဘဲ ကုလား၏စစ်ကို အလွယ်တကူအောင်နိုင်တော်မူသည်။ ထိုကဲ့သို့ စစ်အောင်မြင်ပြီးနောက် ကုလားမင်း၏သမီးတော် (ပဲသီတာ) အားဆက်သလီသဖြင့် အနောက်မိဖုရားအဖြစ်မြှောက်စားတော်မူကာ စစ်ကိုတန့်ထားရာနီရာဒေသဖြစ်သော (စစ်တန့်ကောင်း) ယခုအခါ (စစ်တကောင်း) ၌ ထီးနန်းဆောက်ကာ စိုးစံတော်မူသည်။ သက်တော် (၄၁) နှစ်တွင် မင်းဗာဘုရင်လည်း ဗုဒ္ဓဂယာ၌ ဗုဒ္ဓရုပ်ပွားတော်ပတ်လည် (၄၁) ဆူဖြင့် (သက်တော်စိဘုရား) စေတီတော်တဆူတည်တော်မူသည်ဟူ၏။

မင်းဗာဘုရင်မင်းမြတ်သည် မဇ္ဈိမဒေသတွင် စေတီပုထိုးကျိုးပျက်စီးများမှရရှိသော ဘုရားရဟန္တာရို့၏ဓာတ်တော်သျှစ်သောင်းကို ရွှေငွေပတ္တမြားစီသော ရတနာကြုတ်ကို မင်္ဂလာအုတ်တော်၌ထည့်လျှက် ရခိုင်ပြည်မြောက်ဦးနန်းတော်သို့ ဆောင်ယူလာလတ်ပြီးလျှင် နန်းတော်အတွင်း ဘုရားနန်းပြဿဒ်ဆောင်ဖြင့် ကိုးကွယ်ထားဟိသည်။ မကြာမှီ ဓာတ်တော်များကွန့်မြူး၍ နန်းမီးလောင်သကဲ့သို့ လူများစွာရို့သည် အဝီးကမြင်ကတ်ရ၍ ဟိုးဟိုးကျော်ကျော်ဖြစ်ကုန်သည်။ သို့နှင့် ဆရာကြီးသျှင်မြဝါ၏အစီအမံဖြင့် နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကလပ်ဝယ် သျှစ်သောင်းသောဓာတ်မွီတော်ရို့အားဌာပနာ၍ ကြီးစွာသောပုထိုးတော်ကြီးတဆူတည်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးဟုခေါ်တွင်သည်။

ဆရာကြီးသျှင်မြဝါသည် မြောက်ဦးမြို့သက်ကို အနှစ် (၁၀၀၀) ရှည်စီခြင်းငှာရည်ရွယ်လျှက် အတိတ်နိမိတ်ခန်းရို့အားတွက်ချက်၍ ဓာတ်လားဓာတ်လာသင့်စီပြီးသော် အင်းအိုင်မန္တရားစီမံလျှက် ပြီးစီးသောအခါ ကြသားပတီးနံတခု အလောလောလိုနီသဖြင့် ရှာဖွေကကြန့်ကြာမည်ဖြစ်သောကြောင့် ငါပင်လျှင် (ကြသပတီးသားတည်း) ဟုဆိုကာ မိမိရင်အုံတော်အား ဓားနှင့်ခွဲကာ အူကိုထုတ်လျှက် မြို့ကွန်ချာတိုင်တွင်ရစ်ပတ်စီပြီးသော် ငါ့အား (သီဆုံးသည့်နီရာ၌ပင် မြှပ်ကုန်လော့) ဟု မိန့်မှာလျှက် သီဆုံးလားသည်။

ဘုရင်မင်းဗာကြီးသည် ထိုစကားကိုနားမထောင်ဘဲ ငါ၏ဆရာကို ခွီး၊ ဝက်ကဲ့သို့ မမြှုပ်နိုင်၊ ပွဲသဘင်ကျင်းပပြီး ရထားပန်းယာဉ်ဆွဲလျှက် သင်းဂြိုဟ်လီသောကြောင့် ရခိုင်ပြည်သည် ယိမ်းယိုင်ပျက်စီးခြင်းသို့ရောက်ရသည်ဟု ဆိုစမှတ်ပြုလတ်သည်။

ဆရာကြီးသျှင်မြဝါသီဆုံးလားသောနီရာမှာ (မြို့ကွန်ချာတိုင်စိုက်ထူရာ မြင့်မြတ်သောမြီ၊ ယခုအခါ ရွှေဂူတောင်ရွာထဲတွင်ဟိသည်။ ထိုနီရာတွင် သျှင်မြဝါစီမံထားသော အင်းတချပ်ထားဟိသည်။ ၎င်းအပြင် သျှင်မြဝါ၏ရုပ်ထုကိုလည်း ထုထစ်ထားဟိသည်။
ထိုနီရာ၏မြောက်ဘက်တောင်ထိပ်တွင် သျှင်မြဝါစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်သည်။

(မည်သည့်ကျမ်းကိုအကိုးအကားပြုသည်ကို ဖော်ပြထားခြင်းမဟိ။ သို့သော် ဖတ်၍ကောင်းသဖြင့် ဖော်ပြပီးလိုက်ပါသည်။)


No comments:

Post a Comment