Monday, July 10, 2017
မင်းမဲ့တိုင်းပြည်
မင်းမဲ့တိုင်းပြည်
******************
လွန်ခရေ နှစ်လေးငါးဆယ်လောက်က
ရခိုင်ပြည် ခရမ်းသီးဇာတ်လောကမှာ
စွယ်စုံရ ဇာတ်မင်းသမီးတယောက်
လျှမ်းလျှမ်းတောက်နာမည်ကြီးခရေ --။
စာတလုံးလည်း ရွီးဖို့ဖတ်ဖို့မတတ်
ပါရမီအရ ဇနပုဒ်ရွာသူမချေတယောက်
ဇာတ်ကံကောင်းရေဘဝမှာ ရုပ်ရည်ကလည်း
ယင်းခေတ်က ဘိုင်စကုတ်မင်းသမီး
ကြည်ကြည်ဌေးနန့် နင်လားငါလား --။
အဆိုအငို အပြောအဟော
အော်ပရာ ပြဇာတ် တပါးသွား နှစ်ပါးသွား
နောက်ပိုင်း ဇာတ်ထုတ်အထိ
တပင်တိုင်ခေါင်းဆောင်မင်းသမီး
ကျမကောက် ပျောက်မရှာ ရှာမတွိ --။
အရွယ်မရွီး လူကြိုက်များရေပိုင်
မင်းသမီး လင်ရွီများစွာလည်း
အရုပ်က လှလို့ --။
မင်းသား၊ ပတ်ဆရာ၊ နှဲသမား လူပျက်တိကိုထား
ကားဆွဲ၊ မောင်းထုမကျန်
မင်းသမီးနန့် မရဖူးလူမဟိ ---။
"ငါ မကြိုက်မှရာ တချက်
ငါ ကြိုက်လို့ကတော့
ဇာယောက်ျား ဇာလောက်တင်းတင်း
အမိဝမ်းတွင်း ဝင်ပြီးနိုင်မှ လွတ်ဖို့"
လောကကို ခါးစောင်းတင်ပနာ
မောင်းခတ်ထားရေ --။
အဖိုးသျှင်ရို့တနှစ်
ဇာတ်ပေါင်းထောင်ကတ်ခါ
ဇာတ်ရာသီပွဲခါနီး
မူစဲကမ်း ဇီးကိုင်းတောင်ဦး ဘုရားပွဲမှာ
အဖိုးသျှင် ကကောင်းဖျားလို့
ဇာတ်ချယ်ယာသျှင်တက်စား
သမက်အသစ်စက်စက် ပါပါကိုရာ
လွှတ်လိုက်တေ --။
နဂိုကပင် အနုပညာဝါသနာမပါ
တော်လှန်ရေး နိုင်ငံရေးသမားဆိုခါ
မိုးလင်းယံမှာ
မင်းသမီးက ခရမ်းသီးစကားနှင့်
“အမေလေး အဘလေး” ဆံပင်ကို ဖါးယားချ
မျက်ရည်ချောင်းစီး လွမ်းနီကတ်စွာ
ပါပါ လုံးဝမကြိုက် --။
ယောက္ခမကို မလွန်ဆန်နိုင်လို့
စီးပွါးရေး၊ ငွေရေးကြီးရေးလည်းဖြစ်နီခါ
အသိမ်းရာဆိုပြီးကေ လားခစွာ
တောင်ဦးပွဲရောက်တေမှာ
ဇာတ်ကံထရိုက်တာ
ဇာတ်ထောင်ဇာတ်ပိုင် ဇာတ်ဆရာတိ
"မောင်မောင် မင်းသမီးပျောက်ကေ လားယာ
နောက်ဆုံးပွဲသုံးရက် လွန်ဖို့က လိုရေ
ငြို့ဝါကြီးတရွီကို မှုန်မှုန်ချေပင် မမြင်
တချက်ထိန်းပီး အားကိုးရစီ"
ချက်ချင်းတာဝန်အပ်ကတ်တေ --။
တခုချေလည်း ရောလုံးယှက်တင် မလုပ်ချင်ဆိုခါမှ
ဇာတ်ကာကွယ်ရေးဦးစီးချုပ်တာဝန် တန်းခန့်ခံရ
ထားဖို့ဟိသိမ့်လာ
ပါပါက
"မင်းသမီး ဇာတ်မပြီးဘဲ ယီးတီးယားတားတချက်မလုပ်ကဲ့
ဇာတ်စင်အောက်က ဒါးကိုင်လို့
မိုးတလင်းစောင့်နီဖို့"
ဒါးကြိမ်းကြိမ်းထားရေ --။
ဇာတ်ပွဲကြည့်ဝါသနာမပါရေ ပါပါ
ညည့်ဦးကပင် မိုးတလင်း
မျက်တောင်တချက်မခတ် ကင်းစောင့်
နိခင်းလည်း မအိပ်
ကျလိုက်တေ ၀ဋ်ဒုက္ခ
နောက်ဆုံးည နှစ်ပါးသွားပြီးခါ
နောက်ပိုင်းဇာတ်ထုတ်ရာ ကျန်ယာလို့
စိတ်စကေချ မျှိုင်းပါလားစွာ
ရရောင်းသတ်ဆူကာလို့
နိုးပါလတ်တေ --။
ဇာတ်စင်ထက်မှာ
နောက်ပိုင်းဇာတ်ထုတ် "ပြည်တည်ခန်း"
ရာဇပလ္လင်နောက်ခံနန့် ဝန်ကြီးတိထွက်လို့
ပလ္လင်ထက်မှာ သျှင်ဘုရင်မဟိ --။
ဇာလေချင့် ကြည့်လည်းကြည့်
နားထောင်ကြည့်မှာ
ဝန်ကြီးတယောက်က
"မင်းကြီးများ
ငြို့မှာပြည်တည်ဖို့ သျှင်ဘုရင်မဟိလိုက်ယာ
မင်းသမီးနန့် ခိုးရွာလိုက်
ပါလားခယာ"
"ဘုရင်မဟိကေ ငြို့ဝန်ကြီးတိ အစာလုပ်ခန့်ရောင်
မင်းမဲ့တိုင်းပြည်
ချင်ဆီ ပျင်ချင်စွာပျင်
လုပ်ချင်စွာ လုပ်ဖိ"
နှစ်ပါးသွားကို ညွတ်ပါအောင် ကကတ်တေ --။
ဇာတ်စင်အောက်က ပွဲကြည့်ပရိဿတ်
ရရောင်းကြီးသတ်ပနာ
ကြံပိုင်းနန့် ဒုတ်ပိုင်း
ဇာတ်စင်ထက်ကို လက်ခဲနှက်
ပြိုရေ ပြိုရေ --။
ဝါရင့်ကားဆွဲဆရာက
ကုလားကာကို ပရုန်းနရုန်းချ
လက်လျင်လို့ ကံကောင်း --။
ယေနန့်
ဇာတ်ပွဲဆိုစွာ
မိုးကြဲကြဲလင်းလို့
(ဗုဒ္ဓံပူဇေမိ) ပြီးခါမှ ပွဲသိမ်း
ပတ်စာခွါ ဖျာသိမ်းရေလို့
ပုံသီ တရားသီ မှတ်ထားလို့မရ
ကားချလည်း အရေးကြီးရေ --။
ရခိုင်သား ခရမ်းသီးဇာတ်မှာ
ဇာတ်ထုတ်အစ ပြည်တည်ခန်းအဆုံး
သျှင်ဘုရင် ပျောက်လားခလို့
ကားဆွဲကားချဆရာတိ မကယ်ကေ
“မလွယ် မလွယ်” လူရို့လေ --။
ပံသုခင် (ရခိုင်ပြည်)
ဝါဆိုလဆုပ် (၁) ရက် (တလဂုင်္နီနိ)(၂၀၁၇)( အေးနုစိန်)
ဆရာမ ပံသုခင်၏ (မိုးလင်းယံက မင်းမဲ့ပြည်) ၀တ္ထုအား (ကဗျာဝတ္ထု) အဖြစ် ပြန်လည်ဆန်းသစ်ကြည့်ခြင်းဖြစ်သည်။ (သာလှဦး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment