Sunday, September 27, 2026

ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ



ရခိုင်စစ်မျက်နှာ အင်္ဂလိပ်မြန်မာပထမစစ်ပွဲ
===========================

၁၈၂၄ ခု မေလ (၅) ရက်နိ ဘုရင်ခံချုပ်စစ်မကြေငြာခင်ကပင် ရခိုင်အာသံစစ်မျက်နှာ၌ အနီအထားမှာ တင်းမာလျှက်ဟိသည်။ ၁၈၂၃ ခု စက်တင်ဘာလ (၂၃) ရက်နိတွင် သျှင်မဖြူကျွန်း၌ အင်္ဂလိပ်တပ်စိပ်တစိပ်ကို စခန်းချထားသည်။ ထိုစခန်းကို မြန်မာများသိမ်းပိုက်ပြီး အင်္ဂလိပ်တပ်သားအများအပြားသီဆုံးကတ်ရသည်။ များမကြာ အင်္ဂလိပ်တပ်များက သျှင်မဖြူကျွန်းကို အခုအခံမဟိပြန်သိမ်းနိုင်သော်လည်း အာသံစစ်မျက်နှာ၌ အနီအထားမှာ ဆိုးရွားနီပြီးဖြစ်သည်။ ၁၈၂၄ ခုနှစ် အစောပိုင်းတွင် မြန်မာဗန္ဓုလတပ်များက အင်အားစုဆောင်း၍ သျှင်မဖြူကျွန်းအားပြန်လည်သိမ်းပိုက်လိုက်သည်။ အင်္ဂလိပ်ဖက်က အကျအဆုံးများစွာဟိသည်။ မောင်တောကမ်းဖက်တွင်လည်း အရှိအိန္ဒိယကုမ္ပဏီမှ အရာဟိတဦးနှင့် ဗိုလ်တဦးအလည်ဖိတ်ခေါ်ပြီး ဖမ်းဆီးခြင်းခံရသည်။ ဗန္ဓုလက သဘောမတူသဖြင့် သူရို့နှစ်ဦးအား ချက်ချင်းပြန်လွှတ်လိုက်သည်။ မြန်မာဖက်က တောင်းပန်ခြင်းတစုံတရာမပြုလုပ်ပေ။ စသောစသောအကြောင်းရင်းများမှာ ရခိုင်စစ်မျက်နှာ၌ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ရခြင်းအကြောင်းရင်းဖြစ်သည်။

မြန်မာများက ဘင်္ဂလားတနယ်လုံးကိုသိမ်းပိုက်ရန် တာစူလျှက်ဟိသည်။ သို့ဖြင့် ဗန္ဓုလသည် မြောက်ဦး၌ အင်အားစုဆောင်းလျှက်ဟိသည်။ ထိုအချိန်တွင် ဗြိတိသျှတပ်အင်အားမှာ ဘင်္ဂလားတပ်ဦး၌ (၃၀၀၀) ကျော်ခန့်ဟိသည်။ ရခိုင်တပ်စိတ်တစိပ်လည်း ရာမူး (ပန်းဝါ) တွင် တပ်စွဲချထားသည်။ ထိုအချိန်၌ ဗန္ဓုလမှာ မြောက်ဦးတွင် တပ်စွဲလျှက်ဟိသည်။ သို့သော် ရှိတန်းတွင် သူ၏တပ်များကို အတွင်းဝန်မောင်ဝအားဦးစီးခိုင်းထားသည်။ သူ၏တပ်များမှာ ဘူးသီးတောင် လက်ဝဲဓါတ်အလွန် အလယ်သံကျော်ဆိပ်ထိတပ်ဖြန့်ထားသည်။ ၁၈၂၄ ခုနှစ်မေလတွင် မြန်မာတပ်များ နတ်မြစ်အားဖြတ်ကူးကြောင်း မြစ်ကမ်းနဖူးတွင်တပ်စွဲထားသော ဗြိတိသျှတပ်စုတစုက သတင်းပီးပို့သည်။ အများမကြာ (ပင်းဝါ) တောင်ဖက် ရတ်နာပလောင်အားမြန်မာတပ်များသိမ်းပိုက်လိုက်သည်။ ထိုအချိန်တွင် ကပ္ပတိန်နိုတင်မှာ ပင်းဝါတွင် တပ်စွဲလျှက်ဟိသည်။ ကပ္ပတိန်နိုတင်က တပ်သားအချို့ကို ရာမူးတွင်ချန်ထားခပြီး ရခိုင်တပ်သား (၁၀၀) ကျော်နှင့် မြန်မာများကိုတိုက်ခိုက်ရန် မေလ (၁၁) ရက်နိညဇာသားတွင် ရတ်နာပလောင်သို့ စတင်ထွက်ခွာသည်။ မြန်မာများက တောင်ကုန်းများထက်တွင် တပ်စွဲထားသည်။ ချီတက်ရာလမ်းကြောင်းကို သေနပ်များပစ်ဖောက်၍ အနှောက်အယှက်ပီးသည်။ ရတ်နာပလောင်အရောက်တွင် ညလုံးပေါက်တိုက်ပွဲဖြစ်သည်။ ဗြိတိသျှဖက်က သယ်ဆောင်လာသော ခဲယမ်းလက်နက်နှင့် သေနပ်ကြီး (၂) လက်ဆုံးယှုံးသည်။ လက်နက်သယ်ဆောင်သော ဆင်မောင်းသမားမကျွမ်းကျင်သောကြောင်းလည်းဖြစ်သည်။ ကပ္ပတိန်နိုတင်က (ရ) ယောက်သီဆုံး၊ (၁၁) ပျောက်ဆုံးဖြင့် နောက်ဆုံးတွင် ရာမူး (ပင်းဝါ) သို့ ဆုတ်ခွာလာရသည်။ တိုအချိန်တွင် ဗြိတိသျှဖက်မှာ တပ်ခွဲသုံးခွဲ ပင်းဝါတွင်တပ်ဖြည့်လာသည်။

မေလ (၁၃) ရက်နိတွင် မြန်မာများသည် အောင်ပွဲကြောင့်အတင့်ရဲလာပြီး ပင်းဝါတဖက်ကမ်းထိရှိတိုးလာသည်။ ရွာများကိုမီးလျှို့၊ ကျွဲနွားများကိုသတ်ဖြတ်သည်။ မြန်မာအင်အားမှာ လူတသောင်းကျော်ခန့်ဖြစ်သည်။ သို့သော် ကပ္ပတိန်နိုင်တင်အောက် အင်အားမှာ ပုံမှန် (၃၅၀)၊ ဆွဲသုံး (၂၅၀) နှင့် ရခိုင်တပ်သား (၄၅၀) ခန့်ရာဟိသည်။ အင်အားမှာအလွန်အမင်းကွာသော်ငြားလည်း စစ်တကောင်းက စစ်ကူရောက်လာမည်ကိုထောက်၍ ကပ္ပတိန်နိုတင်က နောက်မဆုတ်ဘဲ ပင်းဝါအားဆက်လက်ထိမ်းထားရန် ဆုံးဖြတ်သည်။ မေလ (၁၄) ရက်နိတွင် လက်နက်ကြီး (၆) လုံးဖြင့် မြန်မာတပ်များ ချောင်းကိုမကူးနိုင်အောင် ခံပစ်ထားသည်။ သို့သော် မြန်မာများက ချောင်းဖျားပိုင်းမှနီ၍ မြစ်ကိုဖြတ်ကူးလားနိုင်ပြီး ဗြိတိသျှတပ်များ တပ်စွဲထားရာဝန်းကျင်ထိ ရောက်ဟိလာသည်။ မေလ (၁၆) ရက်နိတွင် မြန်မာတပ်များရှိတိုးလာပြီး တရက်လုံးတိုက်ပွဲဖြစ်သည်။ ကပ္ပတင်နိုတင်က နောက်ဆုတ်ရန်ဆုံးဖြတ်သော်လည်း နောက်နိတွင် တပ်ကူရောက်လာမည်ကိုသိ၍ ဆက်လက်တပ်စွဲထားသည်။ တိုက်ပွဲမှာ တရက်နှင့် တမွန်းတည့်ဖြစ်သည်။ မြန်မာတပ်များကလည်း တပ်ကူရောက်လာပြီး ခံကတုတ်နှင့် ကိုက် (၃၀) အကွာထိရောက်လာသည်။ မိုးထက် (၉) ချက်တီးခန့်တွင် ရခိုင်နှင့် ဆွဲသုံးတပ်များက နောက်ဆုတ်လာလတ်သည်။ ဆင်များလည်းကြောက်ပြီးထွက်ပြီးကုန်သည်။ ကပ္ပတိန်နိုတင်က လူအင်အား (၄၀၀) ဖြင့် ဆက်လက်ထိမ်းထားရန် မဟန်မှန်းသိသောအခါ တပ်ဆုပ်ရန်ဆုံးဖြတ်လိုက်သည်။ လက်နက်များစွာ နောက်ချန်ထားခရသည်။ တမိုင်ခန့်လောက်ရာ စနစ်တကျဆုတ်ခွာနိုင်သော်လည်း ချောင်းအကူးတွင် လွယ်ကူအောင် လက်နက်ခဲယမ်းများစွာကို စွန့်ပစ်လိုက်ရသည်။ မြန်မာတပ်များကလည်း နောက်မှာ ထပ်ကြပ်မကွာလိုက်သည်။ တပ်အားလုံးဖရိုဖရဲဖြစ်ကုန်သည်။ ကျဆုံးအင်အားမှာ (၂၅၀) ခန့်ဖြစ်ပြီး အသားဖြူအရာရှိ (၆) ဦး၊ အန္ဒိယကုလားအရာရှိ (၃) ဦးအနက် (၃) ယောက်ရာအသက်ရှင်သည်။ ထိုသုံးယောက်အသင်ရှင်သည်တွင်လည်း (၂) ယောက်က ဒါဏ်ရာနှင့်ဖြစ်သည်။ မြန်မာများက ပင်းဝါကိုသိမ်းပြီး ရှိသို့မိုင် (၂၀) ခန့်အကွာ စုက္ကရာထိချီတက်လာသည်။ ဒေသခံများက အလွန်အမင်းစိုးရိမ်ပူပင်လျှက်ဟိသည်။

သို့သော် မြန်မာများ ပင်းဝါကိုသိမ်းပိုက်ချိန်တွင် ဗြိတိသျှတပ်များက ရီကြောင်းအားဖြင့် မာန်အောင်ကို ဝင်ရောက်သိမ်းပိုက်သည်။ မေလ (၁၂) ရက်နိတွင် မာန်အောင်မြို့သို့အဝင်ချောင်းထိ တပ်ထောက်များရောက်လာသည်။ လောင်းသမ္ပာန်တစီးအား ကုန်သည်ယောင်ဆောင်ပြီး မာန်အောင်မြို့ထဲဖက်သို့ ရန်သူမြန်မာတပ်အနီအထားကိုစုံစမ်းရန်လွှတ်လိုက်သည်။ မေလ (၁၄) ရက်နိတွင် လူအင်အား (၃၀၀) ခန့်ဖြင့် ချောင်းအတိုင်းဝင်၍ မာန်အောင်မြို့ကိုတက်သိမ်းသည်။ ပထမ ရှိတန်းစခန်းထောက်ကိုသိမ်းပြီး ဒုတိယ စခန်းကိုပြန်သိမ်းသည်။ မေလ (၁၉) ရက်နိတွင် ကြောက်ပြီးထွက်ပြီးရန်ကြံသော မြန်မာမြို့ဝန်အား လမ်းတွင် ကင်းထောက်တပ်ခွဲက ဖမ်းမိသည်။ ကျွန်းကိုထိမ်းရန် တပ်ရင်း (၂၀) အားချန်ထားခပြီး ကျန်တပ်အင်အားဖြင့် ရန်ကုန်သိမ်းရန် ဆက်လက်ချီတက်သည်။ ဗြိတိသျှတပ်များက ရန်ကုန်ကိုဝင်သိမ်းသဖြင့် ဗန္ဓုလရခိုင်မှ ဆုတ်ခွာရသည်။ မောင်တော၊ လက်ဝဲဓါတ် ရှိတန်းစစ်မျက်နှာတွင် တပ်အင်အားအနည်းငယ်မျှရာချန်ထားခသည်။ ပင်းဝါစစ်ပွဲတွင် မြန်မာဖက်က (၂၀၀) ခန့်ဒါဏ်ရာရသည်။ သို့သော် ဗြိတိသျှ၏အဖမ်းအဆီးခံရကာ သတင်းပေါက်ကြားမည်စိုးသဖြင့် အားလုံးကို အစတုန်းသတ်ဖြတ်လိုက်သည်။ ၁၈၂၄ မိုးရာသီတွင် ရာသီဥတုအနီအထား၊ သဘာဝအနီအထားများကြောင့် စစ်တိုက်ရန်မဖြစ်နိုင်သဖြင့် စစ်ဆင်မှုကို ခေတ္တရပ်ဆိုင်းထားရသည်။ မိုးရာသီကုန်သည်နှင့် ရခိုင်ကိုသိမ်းရန်အမိန့်ရသည်။ အဓိကဦးတည်ချက်မှာ မြောက်ဦးသို့ချီတက်ရန်နှင့် ယင်းတွင်တပ်စွဲထားသော မြန်မာတပ်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ဒီဇင်ဘာလတွင် စစ်ဆင်မှုအစပြုသည်။ ရခိုင်သိမ်းမည့်တပ်အင်အားမှာ (၉၉၃၂) အင်အားဟိသည်။ ဘင်္ဂလားမြင်းစီးတပ်သား (၆၀၀) ၊ အမြောက်တပ် (၆၅၀) ၊ ရခိုင်တပ် (၅၅၃) နှင့် ရှိတန်းထိုးဖောက် (၆၄၉) ယောက်အပါအဝင်ဖြစ်သည်။ တပ်ရင်းစစ်ဆင်မှုကို ဗိုလ်မှုးချုပ် (Brigadier General Morrison) က ဦးစီးသည်။ နိုင်ငံရေးအကြံပီးအဖြစ် စစ်တကောင်းခရိုင်ဝန်တရားသူကြီး (District Magristrate of Chittagong, Robertson) ကလိုက်ပါပြီး ရော်ဘတ်ဆင်နှင့်အတူ ရခိုင်သားအနည်းငယ်လိုက်ပါသည်။ ၁၈၂၅ ခု ဇန္နဝါရီလ (၁) ရက်နိတွင် စစ်ဆင်မှုစသည်။ ဖေဖဝါရီလ (၁) ရက်နိတွင် မောင်တောကိုစသိမ်းသည်။ ရခိုင်သားများက မြန်မာကိုကြောက်၍ ဗြိတိသျှများအားကူညီရန် တွန့်ဆုတ်လျှက်ဟိသည်။ ထို့ကြောင့် မြန်မာများအားအကူအညီမပီးရန်သတိပီးရသည်။ ဖေဖဝါရီလ (၁၂) ရက်တွက် ဆက်လက်ချီတက်ရန် လုပ်ငန်းစတင်သည်။ ရာသီဥတုဆိုးဝါးသဖြင့် လက်နက်ခဲယမ်းတင်သင်္ဘောတစီး လက်နက်ခဲယမ်းများစွာဆုံးယှုံးရသည်။ လူသီလူပျောက်မဟိ။ (၂၀) ရက်နိတွင် ကုန်းကြောင်းချီလာသောတပ်များ အငူမော်သို့ရောက်သည်။ သို့သော် ဖေဖဝါရီ (၂၇) ရက်နိတိုင်အောင် ရီကြောင်းချီမည့်တပ်များကို စုစည်းမရဖြစ်နီသည်။
ချောင်းဖီလာတွင် ဗြိတိသျှတပ်များအနည်းငယ်အထိနာသည်။ စစ်တွေတဖက်ကမ်း ဆင်တော်မော်တွင်တပ်စွဲထားသော မြန်မာများအား မောင်းထုတ်လိုက်နိုင်သည်။ ရီကြောင်းချီသည့်သင်္ဘောများကို ပိန္နချောင်းရွာသူကြီးက လမ်းပြသည်။ ကုလားတန်မြစ်ကြောင်းအတိုင်းချီ၍ ပုဏ္ဏားကျွန်းတဖက် ကြိမ်ချောင်းဝတွင် တပ်ချသည်။ ဖေဖဝါရီလ (၂၁) ရက်နိတွင် ကုလားတန်မြစ်တလျှောက် စစ်သင်္ဘော (၁၀၀) ခန့်နှင့် မြန်မာတပ်အင်အား (၂၀၀၀) ခန့်ဟိကြောင်းသတင်းရသည်။ ဗိုလ်ချုပ်က လူတင်စစ်သင်္ဘော (၈) စီးနှင့် လက်နက်တင် (၅) စီး လူအင်အား (၄၅၀) အား စတင်စေလွှတ်သည်။ စစ်တွေမြောက်ဖက် (၂၈) မိုင်အကွာ ချောင်းဖီလာတွင် မြန်မာများအခိုင်အမာ တပ်စွဲထားကြောင်းသတင်းရဟိသည်။ တပ်အင်အားမှာ (၁၀၀၀) ခန့်မျှဟိမည်ဖြစ်ကြောင်းခန့်မှန်းရသည်။ သို့သော် မြောက်ဦးသို့ချီရာလမ်းကြောင်း နှောင့်အယှက်မဖြစ်စီရန် ချောင်းဖီလာမြန်မာတပ်ကို ဦးစွာပထမခြီမှုန်းပစ်ရမည်ဖြစ်သည်။ ဖေဖဝါရီလ (၂၃) ရက်နိတွင် ချောင်းဖီလာမြန်မာတပ်ကို စမြင်ရသည်။ သို့သော် တပ်အင်အားမှာ ခန့်မှန်းသည်ထက် ပိုများနီသည်။ ဗြိတိသျှတပ်များအား မြန်မာကင်းထောက်စခန်းနှစ်ခုမှ သေနပ်များပစ်ဖောက်သည်။ မြန်မာများက သေနပ်များပစ်ဖောက်နီသဖြင့် ကမ်းတက်မရဖြစ်နီသည်။ နှစ်နာရီခန့် အပြန်အလှန်သေနပ်များပစ်ဖောက်ပြီးနောက် တပ်ရင်းဗိုလ်ချုပ်က ချောင်းအတိုင်းစုန်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဖြားရီတက်တွင် သင်္ဘောသုံးစီးကမ်းကပ်လိုက်သည်။ အချိန်မှာ ညဇာသား (၅) ချက်တီးခန့်ဖြစ်သည်။ ကမ်းကပ်ချိန်မှာ မိုးထက်သား (၅) ချက်တီးထိဖြစ်သည်။ သို့သော် အစောပိုင်းတိုက်ပွဲတွင် မြန်မာဖက်က အထိနာထားသဖြင့် အနှောင့်အယှက်တစုံတရာမဟိ။ ဗြိတိသျှဖက်မှ (၄) ယောက်ကျ၊ (၃၁) ယောက်ဒါဏ်ရာရသည်။ နောက်ပိုင်း ၎င်းတောင်ဖီလာစခန်းအားတက်သိမ်းရန်အစီအစဉ်ကို ဖျက်လိုက်သည်။

ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရီကြောင်းချီလျှင် နှေးသည်ကတကြောင်း၊ ချောင်းဖီလာနှင့် အငူမော်တွင်တပ်စွဲထားသော မြန်မာများကကြားဖြတ်အတိုက်ခံရမည်ကိုသတိထား၍ ကုန်းကြောင်းချီရန်ဆုံးဖြတ်ပြီး ဟင်းခရွာချောင်းတောင်ဖက်နှင့် အရှိကမ်းမှ ကုန်းကြောင်းစချီသည်။ သို့သော် ချောင်းမြောင်းအလွန်များသဖြင့် မြောက်ဦးတရောက်ချီတက်ရန်မလွယ်။ တချို့နီရာများတွင် တောတောင်များကလည်း ကန့်လန့်ဖြတ်ထားသည်။ သို့သော် ရာသီဥတုမှာ ပူသော်လည်းကောင်းသည်ဟုဆိုရမည်။ ချောင်းများမှာ အညာရီကြီးခြင်းမဟိ။ ဒေသခံများနှင့်လည်း အဆင်ပြေသည်။ မတ်လ (၂၀) ရက်နိတွင် ဟင်းခရွာချောင်းက စဖြတ်သည်။ (၂၄) ရက်နိ စပါးထားချောင်းကမ်းထောင့်တွင် စခန်းချသည်။ ရန်သူမြန်မာတပ်များက ရှိ (၂) မိုင်အကွာ ပါးတော်တောင်တွင် တပ်စွဲထားသည်။ သို့သော် ကုန်းကြောင်းချီလာသောတပ်များသည် စစ်တကောင်းက စထွက်လာကတည်းက မည်သည့်အခက်အခဲမျှမဟိ။ (၂၅) ရက်နိတွင် ရှိတန်းတပ်ခွဲတခုက စပါးထားချောင်းနှင့် ဝါးပြိုင်ချောင်းကို စဖြတ်ကူးသည်။ (၂၆) ရက်နိတွင် တပ်ရင်းတခုလုံးကူးဖြတ်သည်။ ချီတက်ရာတွင် လမ်းကြောင်း (၄) ခုခွဲ၍ ချီတက်သည်။ လက်ဝဲဖက်တွင် သင်္ဘောဖြင့်ချီတက်သည်။ အခက်အခဲဟိသည်မှာ ဆင်ဖြူတောင်ချောင်းရီတိမ်သဖြင့် အခက်ကြုံရသည်။ တပ်ရင်းက ချောင်းကမ်းနားယောင် ကုန်းကြောင်းချီသည်။ ပါးတော်တောင်တွင် တနာရီလောက်တိုက်ပွဲဖြစ်ပြီးသည်နှင့် မြန်မာတပ်များထွက်ပြီးလားကတ်သည်။ သို့သော် တောတောင်ထူထပ်သဖြင့် ရှိဆက်ချီတက်ရန် အနည်းငယ်ကြန့်ကြာနီသည်။ ဖြားကျသည်နှင့် ဇီးဇာချောင်းကိုဖြတ်သည်။ ထိုအချိန်တွင် မြန်မာတပ်များက ချောင်းဖီလာစခန်းကို စွန့်ခွာပြီးဖြစ်သည်။ ယခုအခါ မြန်မာတပ်များက မြောက်ဦးတောင်ဖက် (၁၀) မိုင်အကွာ မဟာထီးတွင် တပ်စွဲထားသည်။ လောင်းကြက်ချောင်းက ဘက်သုံးတန်ကာဆီးထားသည်။ ကမ်းထောင်းက စောက်သည်။ တောင်ကုန်းက ခံတပ်ဖြစ်နီသည်။ မြန်မာတပ်စိပ်တစိပ်က ဗြိတိသျှတပ်နှင့်ရှိဆိုင် တဖက်ကမ်းတွင် တပ်စွဲထားသည်။ (၂၇) ရက်နိ မိုးထက်စောစောမြုံစဲသည်နှင့် တပ်မဟာ (၄၄) မှ တပ်ခွဲသုံးခွဲက တဖက်ကမ်းမှ ရန်သူအားစတင်တိုက်ခိုက်သည်။ ပြောင်းအမြောက်များစွာပစ်ဖောက်ပြီးနောက် ဖြားရီကျတွင် ချောင်းကိုဖြတ်သည်။ နောက်ထပ် ပြင်းပြင်းထန်ထန်ခုခံမှု တစုံတရာမဟိဘဲ မဟာထီးကို သိမ်းပစ်နိုင်သည်။ ယခုအခါ မြောက်ဦးနှင့်ခရီးများစွာ မကွာဝီးတော့ပေ။ မြင်းတပ်ဖွဲ့ကလည်း မြန်မာများ တန်းထားများကိုမဖျက်ဆီးမှီ အချိန်မှီမောင်းနှင်ထုတ်နိုင်လိုက်သည်။ မဟာထီးနှင့် မြောက်ဦး ကျောက်ခင်းလမ်းဟိသည်။ မတ်လ (၂၈) ရက်နိတွင် ပရိန်သို့ရောက်သည်။ ပရိန်မှာ မြောက်ဦးသို့ဝင်ရန် အရှိတန်းခါးပေါက်နှင့် အနီးဖြစ်သည်။ မြန်မာများက ပေ (၃၅၀) (၄၅၀) အမြင့်ဟိသော တောင်တန်းတလျှောက် ကွက်ကြားကွက်ကြား ခံတပ်ချထားသည်။ မြောက်ဖက်တွင်လည်း လူ (၃၀၀၀) ဖြင့် တပ်စွဲထားသည်။ မြန်မာတပ်စုစုပေါင်းအင်အားမှာ (၉၀၀၀) ခန့်ဟိမည်ဟု ခန့်မှန်းရသည်။ မတ်လ (၂၉) ရက်နိတွင် ခြီမြန်တပ်ရင်း (၅၄) မှ တပ်ခွဲတခွဲ မြောက်ဖက်ခံတပ်ကို စတိုက်ခိုက်သည်။ ဒုတိယခြီမြန်တပ်မှ တပ်ခွဲ (၄) ခွဲ၊ (M.N.I) တပ်ရင်း (၁၀) နှင့် (၁၆) မှ တပ်ခွဲ (၆) ခွဲ၊ ရခိုင်တပ်ခွဲတစ်ခွဲ ပူးပေါင်းပါဝင်တိုက်ခိုက်သည်။ သို့သော် ပထမပိုင်းတွင် အကျအဆုံးများသည်။ အထိအခိုက်များစွာဟိသည်။ အရာဟိများစွာ အထိနာသည်။ သို့ဖြင့် ရော်ဘင်ဆင်နှင့်အတူလိုက်ပါလာသော ရခိုင်လူကြီးများကိုခေါ်ယူ၍ မည်သို့ဆောင်ရွက်မည်နည်း အကြံများရယူသည်။ ဒေသခံများကပြောသည်မှာ ဗိုလ်ချုပ်ရော်ဘင်ဆင်သည် လူပျိုလူရွယ်ဖြစ်ပြီး အရုပ်လည်းလှသည်။ ပရိန်သျှင်မ မြသွင်က ဗိုလ်ချုပ်ရော်ဘင်ဆင်အားချစ်ကြိုက်နီသည်။ အထိအခိုက်အကျအဆုံးဖြစ်ရခြင်းမှာ ပရိန်သျှင်မ မြသွင်အား ဂရုမစိုက်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရခိုင်လူကြီးများအကြံဉာဏ်ရယူပြီး ဗိုလ်ချုပ်ရော်ဘင်ဆင်မှာ ပရိန်သျှင်မမြသွင်နှင့် လက်ထပ်ပွဲပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ရခိုင်တပ်သားများအား စိတ်ယုံကြည်မှု ရစီရန်ဖြစ်သည်။ ထိုသတင်းကိုကြားသည်နှင့် မြန်မာများလည်း ကြေက်ရွံ့စီမည်ဖြစ်သည်။ သို့ဖြင့် လက်ထပ်ပွဲကို တရားဝင်ပြုလုပ်ခြင်းဖြစ်သည်။
မြောက်ဦးသို့ဝင်ရန် အဓိက လီသာတောင်ခံတပ်ကိုတိုက်ရမည်ဖြစ်သည်။ မတ်လ (၃၁) ရက်နိ ညဉ့်မှောင်သည်နှင့် လီသာတောင်ခံတပ်ကို စတိုက်သည်။ တဖက်က အကြီးအကျယ်အမြောက်ပြောင်းများပစ်ဖောက်၍ ဖိတိုက်နီစဉ်တွင် တဖက်က ညတွင် တောင်ထက်သို့ချီတက်သည်။ လရောင်ရိပ်ရိပ်ဟိသော်လည်း ရန်သူများမရိပ်မိ။ နောက်နိမိုးထက်တွင် အမြောက်ကြီးတလက်ကို တောင်ထက်သို့ ထမ်းတင်နိုင်ပြီးဖြစ်သည်။ ၎င်းအမြောက်အကူဖြင့် ထိုးစစ်ကိုပိုပြုလုပ်လာနိုင်သည်။ မြန်မာများ စိတ်ဓါတ်ဖရိုဖရဲဖြစ်ပြီး ဒယောမရ ထပိန်မရထွက်ပြီးကတ်ရသည်။ ပရိန်သျှင်မမြသွင်အား ကြောက်သည်လည်းတချက်ဖြစ်နိုင်သည်။

မတ်လ (၂၆) ရက်မှစ၍ ဒါဏ်ရာအနာတရရသည်မှာ (၂၁၃) ဦးဖြစ်၍ (၃၀) သီဆုံးသည်။ သုံးရက်ခန့်မည်သို့မျှမတားဖြစ်သော်လည်း လေးရက်မြောက်တွင် ပြည်သူများထံမှတစုံတရာ လုယက်ခြင်းပြုလုပ်ခြင်း၊ သားမယားများအား ကျူးလွန်ခြင်းပြုလုပ်ပါက ကြီးစွာအပြစ်ပီးမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်သည်။ ထိုသို့အမိန့်ထုတ်ပြန်ပြီးနောက် ကြောက်ရွံ့ပြီးထွက်ပြီးကုန်သောပြည်သူများ ပြန်လာလတ်ကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် မြန်မာများ အသီးသီးတိမ်းယှောင်ထွက်ပြီးကုန်သည်။ နောက်ကလိုက်တိုက်သော်လည်း လူ (၃၀၀) ခန့်လောက်ရာ သီဆုံးဖမ်းမိရလိုက်သည်။ အမ်း၊ ဒလက်ဖက်သို့တချို့၊ လေးမြို့ချောင်းဖက်မှ မြန်မာပြည်သို့တချို့ အသီးသီးထွက်ပြီးလားကတ်သည်။ မြောက်ဦးကိုသိမ်းပြီးသော် ရမ်းဗြဲကိုဆက်သိမ်းသည်။
ယမန်နှစ် အောက်တိုဘာလတွင်းပိုင်း၌ မာန်အောင်မှ တပ်အင်အား (၂၀၀) ခန့် ရမ်းဗြဲတောင်ပိုင်း အောင်လှပြင်၌ကမ်းတက်၌ မြန်မာတပ်အများကို တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်သော်လည်း တကျွန်းလုံးအားသိမ်းပိုင်ခြင်းမပြုလုပ်ခ။ မာန်အောင်၌ ကျောက်ချထားသော ဗြိတိသျှသင်္ဘောမှ ထွက်ပြီးသောမြန်မာ (၂) ယောက်ကိုဖမ်းမိပြီး မြန်မာများအနီအထားကို သတင်းရယူနိုင်လိုက်သည်။ ဇန္နဝါရီလကုန်ပိုင်း (၂၉) ရက်နိတွင် တပ်ရင် (၄၀) မှ အင်အား (၄၅၀) နှင့် အမြောက်စစ်သား (၄၈) ယောက် မာန်အောင်၌ အင်အားဖြည့်တင်းလာသည်။ လီအလွန်တိုက်သဖြင့် ဖေဖဝါရီလ (၂) ရက်နိမှ ရမ်းဗြဲသို့ဆိုက်ကပ်နိုင်သည်။ ချောင်းနဖူး၌တပ်စွဲထားသော မြန်မာတပ်နှင့်တိုက်ပွဲဖြစ်သည်။

ပြင်းပြင်းထန်ထန်ပစ်ခတ်ပြီးသည်နောက် မြန်မာများထွက်ပြီးလားကုန်သည်။ ရမ်းဗြဲမြို့ထဲဖက်မှ မြန်မာများအင်အားဖြည့်တင်းလာသဖြင့် ဗြိတိသျှဖက်မှ ကျဆုံး (၄) ဦး၊ ဒါဏ်ရာရ (၂၄) ဦးဖြင့် သင်္ဘောများဆိုက်ကပ်ထားရာသို့ ဆုတ်ခွာပီးရသည်။ မြောက်ဦးကိုသိမ်းပြီးသည်နောက် ဗိုလ်ချုပ်ရော်ဘတ်ဆင်က ရမ်းဗြဲကိုသိမ်းရန် (Brigadier General MacBean) အား အမိန့်ပီးသည်။ ဧပြီ (၂၂) ရက် ရမ်းဗြဲကျွန်းအားပြန်သိမ်းသောအခါ အခုအခံအနည်းငယ်ရာဟိသည်။ တကျွန်းလုံးကို အလွယ်တကူသိမ်းပိုက်ရယူနိုင်လိုက်သည်။ မြောက်ဦးကျပြီးဖြစ်ကြောင်းသတင်းရသဖြင့် အားလုံးထွက်ပြီးလားခြင်းဖြစ်နိုင်သည်။ သို့ဖြင့် တပ်တချို့ကို သံတွဲသို့စေလွှတ်လိုက်သည်။ မြန်မာများပြန်လည်တိုက်ခိုက်လာမည်ကိုကာကွယ်ရန် ရိုးတောင်တဖက်သို့ချီရန် တပ်အင်အားစုဆောင်းပြီးသော်လည်း မိုးကျလာပြီးဖြစ်သဖြင့် အစီအစဉ်ကို ရပ်ထားလိုက်ရသည်။ မိုးတွင်းတွင် မြောက်ဦး၌ တပ်သားအများအပြားနာမကျန်းဖြစ်ကုန်သည်။ အဓိက အဖျားနှင့် ဝမ်းရောဂါအဖြစ်များသည်။ အင်အား (၁၅၀၀) ခန့်ဟိသော ဥရောပတပ်အင်အား မေနှင့် စက်တင်ဘာလအကြားတွင် လူဦးရေ (၂၅၉) ဦးသီဆုံးသည်။ စက်တင်ဘာကုန်ပိုင်းတွင် လူ (၄၀၀) ခန့် ဆီးရုံတင်ရသည်။ လူ (၈၀၀၀) ထောင်ခန့်အင်အားဟိသော အိန္ဒိယတပ်များက ထိုကာလအတွင်း လူပေါင်း (၈၉၂) ဦးသီဆုံးပြီး စက်တင်ဘာလကုန်ပိုင်းတွင် လူပေါင်း (၃၆၄၈) ယောက် ဆီးရုံတင်ရသည်။ ဗိုလ်ချုပ် (Morrison) လည်း ရခိုင်မှရသောမနာမကျန်းမှုကြောင့် အင်္ဂလန်သို့အပြန် လမ်းတွင်သီဆုံးသည်။

Arakan and The First Anglo-Burmese War, 8124-25 by B. R. Pearn ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြသည်။ (သာလှဦး)


No comments:

Post a Comment